မြိတ်တွင် တည်းခိုခန်းမန်နေဂျာနှင့် ကလေးငယ် တစ်ဦး အဖမ်းခံရ

0
434
Dawei Watch, Dawei News, Dawei News Media

မြိတ်မြို့တွင် တည်းခိုခန်း မန်နေဂျာနှင့်အတူ အသက်တ၁၄ နှစ်အရွယ် ကလေးတစ်ဦး အဖမ်းခံထားရကြောင်း ရပ်ကွက်သားများနှင့် မိသားစုဝင် အသိုင်းအဝိုင်း ထံမှသိရသည်။

မေလ ၇ ရက်ည ၁၂ နာရီခန့်က မြိတ်မြို့ပါရမီရပ်ကွက်ရှိ ပန်းအိပ်မက်တည်းခိုခန်းသို့ တပ်ကောင်စီတပ်ဖွဲ့မှ စစ်ကားလေးစီးဖြင့် လာရောက်ကာ အဆိုပါတည်းခိုခန်းမှ အသက် ၄၀ အရွယ်မန်နေဂျာအမျိုးသားနှင့် အသက် ၁၄ နှစ်အရွယ်တည်းခိုခန်း ပိုင်ရှင်၏သားအား ခေါ်ဆောင်သွားကြောင်း ၎င်းတို့ထံမှသိရသည်။

“ဘာကြောင့်ခေါ်သွားတယ်လို့မသိရဘူး။ဒါပေမဲ့ ကလေးကို ရိုက်တာနှက်တာမရှိဘူးလို့ ကြားရတယ်”ဟု အဆိုပါမိသားစုဝင်ကပြောသည်။

ပန်းအိပ်မက်တည်းခိုခန်း ပိုင်ရှင်အမျိုးသားသည် မြိတ်ခရိုင် ၈၈ ပွင့်လင်းလူ့အဖွဲ့စည်းမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုမိုးသူအောင်ဖြစ်ပြီး ပြီးခဲ့သည့် မတ်လဆန်းက တပ်ကောင်စီမှ တရားစွဲကာ မြိတ်အကျဉ်းထောင်တွင်ထိန်းသိမ်းခြင်းခံနေရသူဖြစ်သည်။

ကလေး၏မိခင် ၎င်းဇနီးသည်လည်း ဆန္ဒပြ တက်ကြွလှုပ်ရှားသူ တစ်ဉီးဖြစ်ကာ ဖမ်းဝရမ်းထုတ်ပြီးနောက် လက်ရှိအချိန်တွင် တိမ်းရှောင်နေရကြောင်း ရပ်ကွက်သားများထံမှသိရသည်။

မြိတ်တွင်ဆန္ဒပြမှုနည်းပါးလာသော်လည်း ညအချိန်တွင် ရပ်ကွက်အတွင်း ဝင်ရောက်ရှာဖွေဖမ်းဆီးမှုများ
ခပ်စိပ်စိပ်ဖြစ်ပေါ်နေကြောင်း ပြည်သူများထံမှသိရသည်။