မြိတ် ကဗျာဆရာနှစ်ဉီး ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချခံရ

0
182
Dawei Watch, Dawei News, Dawei News Media

မြိတ်မြို့နေ ကဗျာဆရာနှစ်ဦးဖြစ်သည့် မောင်ယုပိုင်နှင့် နရီ(မြိတ်) တို့အား ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချခံရကြာင်း ဒေသခံအချို့ထံမှ သိရသည်။

ကဗျာဆရာမောင်ယုပိုင်ကို မတ်လ ၉ ရက်နေ့က ဆန္ဒပြပွဲလုပ်ရန် လူစုဝေးနေချိန်မှာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မြိတ်မြို့နယ်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ကာ ဇွန်လ ၈ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ် အမိန့်ချခံခဲ့ရခြင်းဖြစ်သည်။

ကဗျာဆရာနောက်တစ်ဉီးဖြစ်သည့် ကလောင်အမည် နရီ(မြိတ်) ခေါ် အထက်တန်းရှေ့နေ ဉီးလွင်အောင် ကိုလည်း မတ်လအတွင်းက ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲကာ ဇွန်လ ၉ ရက်တွင် ထောင်ဒဏ် ၂ နှစ်အမိန့်ချမှတ်လိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

နရီမြိတ် နှင့်အတူ ထိန်းသိမ်းခံထားရသည့် တက်ကြွလှုပ်ရှားသူ ကိုတင်ကိုကိုဦးနှင့်် NLD မြို့နယ်အလုပ်အမှုဆောင် ဦးစိုးလင်းကိုလည်း အလားတူ ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချလိုက်ကြောင်း သိရသည်။

“အရမ်းလည်းဝမ်းနည်းမိတယ်။ အိမ်ထောင်ဦးစီးတစ်ယောက် ဒီလိုမျိုးဖြစ်သွားတဲ့အပေါ် အပြင်မှာ ကျန်ခဲ့တဲ့ မိသားစုတွေ အများကြီးအခက်အခဲနဲ့ကြုံရပါတယ်”ဟု ကိုတင်ကိုကိုဦး ၏ဇနီးဖြစ်သူ ကပြောသည်။

အမျိုးသားဖြစ်သူကို အမိန့်ချသည်နေ့အထိ တွေ့ခွင့်မရခဲ့ကြောင်း ၎င်းကဆိုသည်။

ကဗျာဆရာနှစ်ဦး၏ မိသားစုဝင်များနှင့်ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

ယနေ့အမိန့်ချခံရသူများတွင် တက်ကြွလှုပ်ရှားသူ ဆယ်ဦးခန့်ရှိသည်ဟု ၎င်းကပြောဆိုခဲ့ပြီး အတည်ပြုရန် သက်ဆိုင်ရာသို့ဆက်သွယ်ခဲ့သော်လည်းလတ်တလော ဆက်သွယ်၍မရသေးပေ။

ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့ကလည်း ကဗျာဆရာမောင်ယုပိုင်အပါအဝင် ဆန္ဒပြပြည်သူ အမျိုးသား ၂၄ ဦးနှင့် အမျိုးသမီး ၆ ဦးကို ထောင်ဒဏ် ၂ နှစ်စီအမိန့်ချခဲ့သည်။

အခြား အမျိုးသား ၂ ဦးကိုလည်း ထောင်ဒဏ် ၄ နှစ်စီချခဲ့ကြောင်း သိရသည်။