ကိုဗစ်ဆေးစစ်ချက်ပါမှသာ တနင်္သာရီတိုင်းပြင်ပသို့ ခရီးသွားခွင့်ပြုမည်ဟု ထုတ်ပြန်

0
245

တနင်္သာရီတိုင်းအတွင်းမှ တိုင်းပြင်ပသို့ ခရီးသွားမည်ဆိုပါက ကိုဗစ်ရောဂါရှိ/ မရှိ ဆေးစစ်ချက်ပါမှသာ သွားခွင့်ပြုတော့မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တိုင်းပြင်ပသို့သွားလာမည့် ခရီးသည်များအနေဖြင့် ၄၈ နာရီအတွင်း ကိုဗစ်ရောဂါမရှိကြောင်း ဆေးစစ်ထားသည့် အထောက်အထားရှိမှသာ သွားခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

တနင်္သာရီတိုင်းအတွင်း ကိုဗစ်ကူးစက်မှု မြင့်တက်နေသည့်အတွက် ယင်းကဲ့သို့ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခရီးသည်များကို ကလိန်အောင်တံတားတွင် စစ်ဆေးမည်ဖြစ်ပြီး ကိုဗစ်စစ်ဆေးချက် အထောက်အထားရှိမှသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုဗစ်ရောဂါစစ်ဆေးပြီးကြောင်း အထောက်အထားကို ခရီးသည်များအပြင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့လည်း ရှိရမည်ဖြစ်သကဲ့သို့ ကားဂိတ်များကလည်း ၄၈ နာရီအတွင်း ကိုဗစ်စစ်ဆေးထားသည့်အထောက်အထားရှိမှသာ ခရီးသည်တင်ဆောင်ရမည်ဟု ညွှန်ကြားထားသည်။

မြိတ်ခရိုင်တွင်မူ တိုင်းပြင်ပသို့ သွားမည့်သူများကို ကျွဲကူး-ကျောက်ဖျာတံတားဂိတ်တွင် စစ်ဆေးမည်ဖြစ်ပြီး ကိုဗစ်စစ်ဆေးပြီးကြောင်း အထောက်အထာမပါက ပြန်လည်စေလွှတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထားဝယ်ဒေသအတွင်း ကိုဗစ်ရောဂါရှိ/ မရှိစစ်ဆေးခြင်းကို ထားဝယ်ခရိုင်ကျန်းမာရေးဦးစီးဌာနတွင် နံနက်ပိုင်းတွင် စစ်ဆေးပေးနေပြီး ခြေလျင်တပ်ရင်း ၂၅ ၌ နေ့လယ်ပိုင်းတွင် စစ်ဆေးပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မြိတ်နှင့်ကော့သောင်းတွင်မူ သက်ဆိုင်ရာ ကျန်းမာရေးဌာနများတွင် စစ်ဆေးနိုင်ကြောင်း ထုတ်ပြန်ထားသည်။

တိုင်းပြင်ပသို့ ခရီးသွားရန် ကိုဗစ်စစ်ဆေးချိန်တွင် ကိုဗစ်ရောဂါတွေ့ရှိပါက ကွာရန်တင်းစခန်းတွင် မိမိစရိတ်ဖြင့် ဝင်ရောက်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အခြားတိုင်းနှင့် ပြည်နယ်များမှ တနင်္သာရီတိုင်းအတွင်းသို့ ဝင်ရောက်ပါက မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် ကိုယ်အပူချိန်တိုင်းတာပြီး အပူချိန်မြင့်နေပါက Test Kit ဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထုတ်ပြန်ချက်အရ ခရီးသည်တင်ယာဉ်အတွက်သာ ဖော်ပြထားပြီး အိမ်စီးကိုယ်ပိုင်ကားဖြင့် သွားလာမည့်သူများလည်း အကျုံးဝင်ခြင်း ရှိ/ မရှိ မသိရသေးပေ။

ယင်းကိစ္စနှင့် ပတ်သက်၍ တိုင်းဒေသကြီး ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် မေးမြန်းခွင့်မရခဲ့ပေ။

ကိုဗစ်ရောဂါကူးစက်မှုမြင့်တက်နေသည်ဟုဆိုကာ တနင်္သာရီတိုင်းသို့ ပြေးဆွဲနေသည့် လေယာဉ်ခရီးစဉ်များကိုလည်း မေလ ၂၉ ရက်နေ့တွင် စတင်ရပ်နားထားသည်။

ပုံစာ- ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ထားဝယ်မြို့အထွက် မောင်မယ်ရှောင်ကျေးရွာအနီးတွင် ကုန်ကားသမားများအား ကိုဗစ်ရောဂါရှိ/ မရှိ စစ်ဆေးရန် နမူနာယူနေစဉ်။