ငါးဝယ်သွားသည့် သစ်တိုထောင့်ရွာသားနှစ်ဦး အသတ်ခံရ

0
129

ရေဖြူမြို့နယ် သစ်တိုထောင့်ရွာနေ ဒေသခံအမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် ငါးဝယ်သွားစဉ် ဇွန်လ ၆ ရက်နေ့နံနက်က ပစ်သတ်ခံရကြောင်း ကနဦးသတင်းအရ သိရသည်။

ဒေသခံများ၏ အဆိုအရ ယင်းအမျိုးသားနှစ်ဦးမှာ ရေနက်ဆိပ်ကမ်းနယ်မြေဖြစ်သည့် ဘဝါကျေးရွာတွင် ငါးသွားဝယ်ရာမှ ပျောက်ဆုံးသွားခဲ့သည်။

ယင်းတို့မှာ သစ်တိုထောင့်ရွာနေ အသက် ၄၀ နှစ်အရွယ်ရှိ ကိုဝင်းဇော်ထွေးနှင့် ၂၃ နှစ်အရွယ်ရှိ ကိုဟိန်းမင်းကိုတို့ ဖြစ်သည်။

ဇွန်လ ၆ ရက်နေ့ နံနက်လေးနာရီခန့်တွင် ငါးဝယ်ရန် နေအိမ်မှထွက်သွားပြီး ဘဝါရွာရှိ ငါးဒိုင်သို့ ရောက်မလာသေးကြောင်း ငါးအရောင်းဒိုင်မှ ဖုန်းဆက်လာချိန်မှသာ ခင်ပွန်းဖြစ်သူ ပျောက်ဆုံးနေသည်ကို သိရကြောင်း ကိုဟိန်းမင်းကို၏ ဇနီးဖြစ်သူက ဆိုသည်။

ထိုနောက် ခင်ပွန်းဖြစ်သူ၏ လက်ကိုင်ဖုန်းသို့ ဆက်သွယ်ရာတွင် ဖုန်းမကိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

“စုံစမ်းကြည့်လိုက်တာ ရေဖြူမှာ အလောင်းနှစ်လောင်းနဲ့ ဆိုင်ကယ်နဲ့ လာကြည့်ပါ။ လူကိုမသိဘူးဖြစ်နေတယ်လို့ ကြားရတယ်” ဟု ဇနီးဖြစ်သူက ဆိုသည်။

ထိုကြောင့် ရေဖြူဆေးရုံသို့ လိုက်သွားပြီး သွားကြည့်ရာ အလောင်းနှင့် ဆိုင်ကယ်မတွေ့သဖြင့် ရေဖြူမြို့မရဲစခန်းတွင်လည်း သွားရောက်စုံစမ်းခဲ့ ကြောင်း ဇနီးဖြစ်သူက ဆိုသည်။

သို့ရာတွင် ရဲစခန်းက ခင်ပွန်းဖြစ်သူ၏ ဓာတ်ပုံယူလာရန် ပြောသဖြင့် ရွာသို့ ပြန်လာခဲ့ကြောင်း ၎င်းက ပြောသည်။

ထိုနောက် ခင်ပွန်းဖြစ်သူ၏ ဖုန်းကို ထပ်ဆက်ရာ ဖုန်းစက်ပိတ်ထားကြောင်း ၎င်းက ပြောသည်။

ညဘက်ရောက်ချိန်တွင် Facebook ပေါ်တွင် မျှဝေထားကြသည့် ခင်ပွန်းဖြစ်သူ၏ အလောင်းဓာတ်ပုံကို မြင်တွေ့ခဲ့ရကြောင်း ကိုဟိန်းမင်းကို၏ ဇနီးက ဆိုသည်။

လက်ရှိအချိန်အထိ မည်သည့်နေရာတွင် သေဆုံးပြီး အလောင်းမည်သည့်နေရာတွင် ရှိသိကို မသိရသေးကြောင်း ၎င်းက ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ Dawei Watch အနေဖြင့် အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည်။