နယ်စပ်ဝင်ပေါက်မှ ITC ကတ်ဖြင့် ဆပ်ပြာ၊ ဆပ်ပြာမှုန်နှင့် သွားတိုက်ဆေး တင်သွင်းခွင့်ပိတ်ပင်

0
142

နယ်စပ်ဝင်ပေါက်များမှ တစ်ဦးချင်းကုန်သွယ်မှု မှတ်ပုံတင်လက်မှတ်(ITC) ကတ်ဖြင့် ဆပ်ပြာ၊ ဆပ်ပြာမှုန့်နှင့် သွားတိုက်ဆေး တင်သွင်းခွင့်ကို ဇွန်လ ၄ ရက်နေ့မှ စပြီးတင်သွင်းခွင့်ပိတ်လိုက်သည်။

နိုင်ငံခြားသုံးငွေလျော့ချနိုင်ရေး၊ SME လုပ်ငန်းမှထုတ်လုပ်သည့် ကုန်ပစ္စည်းများဈေးကွက်ယှဉ်ပြိုင်မှု အကာအကွယ် ပေးနိုင်ရေးတို့အတွက် ယင်းကဲ့သို့ တင်သွင်းခွင့်ရပ်ဆိုင်းကြောင်း ကုန်သွယ်ရေးဦးစီးဌာန၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။

တစ်ဦးချင်းကုန်သွယ်မှု မှတ်ပုံတင်လက်မှတ်(ITC) ကတ်ဖြင့် တစ်ပတ်လျှင် ကျပ်သိန်း ၁၅၀ ပမာဏရှိ သတ်မှတ်ထားသည့် ကုန်ပစ္စည်းများ တင်သွင်းခွင့်ပြုနေကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဆပ်ပြာ၊ ဆပ်ပြာမှုန့်နှင့် သွားတိုက်ဆေးကို ITC ကတ်ဖြင့် တင်သွင်းမှုရပ်ဆိုင်းလိုက်သော်လည်း ကုမ္ပဏီအနေဖြင့် တိုက်ရိုက်တင်သွင်းရောင်းချမှု ဆက်ရှိနေမည်ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။

“ကုမ္ပဏီအနေနဲ့တော့ ရှိမှာပါ။ ပိတ်တာကတော့ ITC ကတ်နဲ့ ခဏပိတ်ထားတာပေါ့၊ ရေရှည်တော့ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

နယ်စပ်ဝင်ပေါက်မှ ယင်းကဲ့သို့ တင်သွင်းခွင့်ရပ်ဆိုင်းလိုက်သည့်အတွက် ပြည်တွင်းသုံးစွဲမှုဈေးနှုန်းအပေါ် ထိခိုက်နိုင်မည် မဟုတ်ကြောင်း ထားဝယ်မြို့မှ ဆပ်ပြာ၊ ဆပ်ပြာမှုန့်နှင့် သွားတိုက်ဆေး အပါအဝင် လူသုံးကုန်ပစ္စည်းများ ဖြန့်ဖြူးနေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထားဝယ်ဒေသတွင်သုံးစွဲနေသည့် အထက်ပါပစ္စည်းအများစုမှာ ဖြန့်ဖြူးရေးကုမ္ပဏီများမှတစ်ဆင့် ဝယ်ယူရောင်းချနေခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ပြည်တွင်းမှာ ဖြန့်နေတာက သူ့ဟာသူ ကုမ္ပဏီနဲ့ဖြန့်နေတာတွေရှိတယ်”ဟု အထက်ပါ လုပ်ငန်းရှင်က ပြောသည်။

သို့ရာတွင် SME လုပ်ငန်းမှထုတ်လုပ်သည့် ကုန်ပစ္စည်းများ ဈေးကွက်ယှဉ်ပြိုင်နိုင်ရန်အတွက်မူ SME များ၏ ကုန်ပစ္စည်းအရည်အသွေးကောင်းရန်လည်း လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုပြုနေသည့် တရားဝင်နယ်စပ်ဝင်ပေါက်သုံးခုရှိသည်။

ထီးခီး၊ မောတောင်နှင့် ကော့သောင်းနယ်စပ်ဂိတ်များဖြစ်သည်။

(ဓာတ်ပုံ – ထီးခီး နယ်စပ်ဂိတ် တစ်နေရာ)