တနင်္သာရီတိုင်းအတွင်း မိုးကြီး၍ မြေပြိုနိုင်ဟု မိုးဇလ သတိပေး

0
132
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးရွာသွန်းမှုများပြားသည့်အတွက် မြေပြိုသည့်အန္တရာယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန်လ ၆ ရက် နေ့လယ်က ထုတ်ပြန်ထားသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအား အလွန်ကောင်းလာနိုင်သဖြင့် ၂၄ နာရီအတွင်း မိုးရေချိန် ၃ လက်မအထက်ရွာသွန်းနိုင်ကြောင်း ဖော်ပြထားသည်။

မိုးရွာသွန်းမှုများသဖြင့် မြေပြိုခြင်း၊ ရုတ်တရက်ရေကြီးခြင်းများ ဖြစ်လာနိုင်သဖြင့် ကုန်းမြင့်ဒေသအနီးနေထိုင်သူများက မြေပြိုသည့်အန္တရာယ်နှင့် မြစ်ချောင်းအနီးနေထိုင်သူများက ရေကြီးရေလျှံဘေးဖြစ်လာနိုင်ဂြောာင်း အသိပေးထားသည်။

ပြီးခဲ့သည့်နှစ်များက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္သာရီတိုင်းအတွင်းရှိ နေရာအချို့တွင် မြေပြိုခြင်း၊ ရေကြီး ရေလျှံခြင်းများဖြစ်ခဲ့ပြီး ရက်အနည်းငယ်အကြာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ဖူးသည်။

ထို့အပြင် လူသူထိခိုက်သေဆုံးမှုအချို့လည်း ဖြစ်ပွားခဲ့သည်။

တနင်္သာရီတိုင်းအပြင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်လည်း ဖြစ်ပွားနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။