မော်လမြိုင်တက္ကသိုလ် အရာထမ်း ၁၅၅ ဦး ရာထူးမှ ထုတ်ပယ်ခံရ

0
223
Dawei Watch, Dawei News, Dawei News Media

မော်လမြိုင်တက္ကသိုလ်မှ အရာထမ်း ၁၅၅ ဦးကို မေလ ၂၁ ရက်နေ့မှစ၍ ရာထူးမှ ထုတ်ပယ်ကြောင်း မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်တို့၏ လက်မှတ်အသီးသီးဖြင့် စာထုတ်ပြန် ကြေညာလိုက်သည်။

အရာထမ်း ၁၅၅ ဦးတို့သည် ခွင့်စည်းကမ်းများကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊ ဥပဒေနှင့်အညီ ထုတ်ပြန်ထားသည့် အမိန့် ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခြင်းတို့ကြောင့် နိုင်ငံ့ဝန်းထမ်းဥပဒေအရ ရာထူးမှ ထုတ်ပယ်ခြင်း ပြစ်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်သည်ဆိုပြီး ထုတ်ပြန်စာတွင် ပါရှိသည်။

ရာထူးမှ ထုတ်ပယ်ခံရသည့် အရာထမ်းများသည် တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ထားသည့်အတွက် တာဝန်မှ ယာယီ ရပ်ဆိုင်းခံထားရသူများဖြစ်သည်။

“CDM လုပ်လို့ တာဝန်ကနေ ယာယီရပ်ဆိုင်းခံခဲ့ရာကနေ နောက်ဆုံးတော့ ရာထူးကနေ ထုတ်ပယ်လိုက်တာဖြစ်တယ်၊ အယူခံလွှာတင်လို့ရတယ်ဆိုပေမယ့် အများစုကတော့ လုပ်မှာမဟုတ်ဘူး” ဟု အမည်မဖော်လိုသည့် ကထိက တစ်ဦးက ပြောသည်။

ရာထူးထုတ်ပယ်ခံရသူများအနေဖြင့် ပြစ်ဒဏ်နှင့် စပ်လျဉ်း၍ ကျေနပ်မှုမရှိပါက အမိန့်ကြေငြာစာ လက်ခံရရှိသည့် နေ့မှစ၍ ၆ လအတွင်း နိုင်ငံ့ဝန်းထမ်းနည်းဥပဒေများ၏ ပြဌာန်းချက်များနှင့်အညီ အယူခံလွှာတင်သွင်းနိုင်သည်ဟု မော်လမြိုင်တက္ကသိုလ်က ထုတ်ပြန်ထားသည်။

ရာထူမှ ထုတ်ပယ်ခံရသူများသည် ဘာသာရပ်ပေါင်းစုံတိုမှ ပါမောက္ခ(ဌာနမှူး)၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိကနှင့် စာကြည့်တိုက်မှူးတို့ ပါဝင်သည်ဟု ထုတ်ပြန်စာအရ သိရသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်သည့်အတွက် မော်လမြိုင်တက္ကသိုလ်မှ အရာထမ်း ၂၀၀ ကျော် တာဝန်မှ ယာယီရပ်ဆိုင်းခံထားရသည်။

တာဝန်မှ ယာယီရပ်ဆိုင်းခံထားရစဉ် ဖိအားပေး ငြိမ်းခြောက်ခြင်း အမျိုးမျိုးခံခဲ့ရသော်လည်း CDM တွင် ဆက်လက်ပါဝင်ခဲ့ခြင်းကြောင့် အရာထမ်း ၁၅၅ ဦးကို ယခုကဲ့သို့ ရာထူးမှ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။

မော်လမြိုင်တက္ကသိုလ်နည်းတူ နည်းပညာတက္ကသိုလ်(မော်လမြိုင်) မှ အရာထမ်း ၄၀ ကျော်ကိုလည်း ရာထူးမှ ထုတ်ပယ်ခံရကြောင်း သိရသည်။