တနင်္သာရီတိုင်းတွင် မုတ်သုန်ဝင်ပြီ

0
516

မေလ ၂၁ ရက်မှ စတင်ကာ မြန်မာနိုင်ငံတောင်ပိုင်းဒေသ၊ တနင်္သာရီတိုင်းသို့ မုတ်သုန်စတင်ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

မုတ်သုန်ဝင်ရောက်မှုကြောင့် တနင်္သာရီတိုင်းတွင် မိုးရွာရက် ၇ မှ ၉ ရက်အထိ ရွာသွန်းမြဲခန့်ပိုနိုင်ပြီး မေလ ၂၂ ရက်နေ့ ယနေ့တွင် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်နိုင်သည်ဟု အထက်ပါဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အားကောင်းလာရာမှ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိနိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

“မုန်တိုင်းငယ်အဆင့်ကို ဖြစ်မလာသေးဘူးပေါ့နော်၊ လောလောဆယ် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်နေပြီပေါ့၊ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကတော့ ၂၇-၂၈ လောက်မှ ရောက်မယ်နဲ့တူတယ်၊ လေထုပြောင်းလဲမှုဖြစ်စဉ် အပေါ်မူတည်ပြီးတော့ အနှေးအမြန်ဖြစ်နိုင်မယ်”ဟု တနင်္သာရီတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်မိုးခိုင်က ပြောသည်။

အနောက်တောင်မုတ်သုန်လေသည် မေလ ၂၁-၂၂ ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့လည်ကောင်း၊ မေလ ၂၅-၂၇ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသ၊ မေလ ၂၈-၃၁ ရက်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများသို့ အသီးသီးဝင်ရောက်မည်ဖြစ်ကြောင်း အထက်ပါဌာနက ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းအပါအဝင် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့်ပိုနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

တနင်္သာရီတိုင်းအပါအဝင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၇ ရက်မှ ၉ ရက်ခန့် ရွာနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ၄ ရက်မှ ၆ ရက်ခန့် မိုးရွာနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေဖိအားနည်းရပ်ဝန်းသည် အားကောင်းလာပြီး မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိပါက မြန်မာနိုင်ငံ တောင်ပိုင်းတစ်ခုလုံးအနှံ့အပြားသို့ မုတ်သုန်ဝင်ရောက်နိုင်မည်ဖြစ်ပြီး ယင်းမှ တစ်ဆင့် မြန်မာနိုင်ငံအလယ်ပိုင်းသို့ မိုးဆက်ရနိုင်မည်ဖြစ်သည်ဟု ဦးကျော်မိုးခိုင်က ပြောသည်။

ပြီးခဲ့သည့်နှစ်က တနင်္သာရီတောင်ပိုင်းသို့ မုတ်သုန်ဝင်ရောက်ခဲ့သော်လည်း မြစ်ဝကျွန်းပေါ်ဒေသများသို့ မုတ်သုန်ဝင်ရောက်မှု အားမကောင်းခဲ့သဖြင့် ယင်းဒေသများတွင် မိုးခေါင်ရေရှားမှုဖြစ်စဉ်များကြောင့် သီးနှံစိုက်ပျိုးမှုများ ကမောက်ကမဖြစ်ခဲ့ရသည်။

ယခုနှစ်တွင် မုတ်သုန်အားကောင်းမည်ဟု ခန့်မှန်းရသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်သည့် တောင်သူများအနေဖြင့် သီးနှံများစိုက်ပျိုးရန်ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ကြောင်း ဦးကျော်မိုးခိုင်က ပြောသည်။

ယခုနှစ် မိုးဦး၊ မိုးလယ်၊ မိုးနှောင်ကာလများအတွင်း လေဖိအားနည်းရပ်ဝန်း ၉ ကြိမ်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။