တနင်္သာရီတိုင်း ပညာရေးဝန်ထမ်း အလုပ်ယာယီရပ်ဆိုင်းခံရသည့်စာရင်း ပြန်ပြုစု

0
504

အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် တနင်္သာရီတိုင်းရှိ အခြေခံပညာရေးဝန်ထမ်းများ တာဝန်မှယာယီရပ်ဆိုင်းခံရသည့် စာရင်းသည် အတည်မဟုတ်သေးဘဲ စာရင်းပြန်ပြုစုနေကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မေလ ၁၂ ရက်နေ့အထိ တိုင်းပညာရေးမှူးရုံးမှ ထုတ်ပြန်ထားသောစာရင်းအရ တနင်္သာရီတိုင်းတစ်ခုလုံး အလုပ်ယာယီရပ်ဆိုင်းခံရသည့် ပညာရေးဝန်ထမ်း ခုနှစ်ထောင်ကျော်ရှိသည်။

ယင်းစာရင်းသည် အတည်မဟုတ်သေးဘဲ ‌အမှားအယွင်းအနည်းငယ်ပါနေသဖြင့် ပြန်လည်ပြင်ဆင်နေခြင်းဖြစ်ကြောင်း တိုင်းပညားရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အရင်က အကြောင်းမျိုးမျိုးကြောင့် ကျောင်းကိုမလာနိုင်တဲ့သူတွေက အခုမှပေါ်လာကြတယ်။ အဲဒါကြောင့် အဲဒီစာရင်းက အတည်မဖြစ်သေးလို့ အခုပြန်လုပ်နေကြတယ်” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။

လက်ရှိပြုစုနေသောစာရင်းကို မေလ ၂၄ ရက်ဝန်းကျင်တွင် ထုတ်ပြန်နိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

မေလ ၂၄ ရက်သည် အခြေခံကျောင်းသားများကို ကျောင်းစတင်အပ်နှံရမည့်နေ့ဖြစ်သည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်သဖြင့် အလုပ်မှယာယီရပ်ဆိုင်းခံထားရသည့် ဆရာ၊ ဆရာမအချို့သည် ဖမ်းဆီးခံရမည်ကိုစိုးရိမ်နေကြသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပညာရေးဝန်ထမ်း ထောင်ချီပါဝင်ခဲ့ကြသည်။ ထားဝယ်ခရိုင် အတွင်း စစ်ကြောင်းအချို့တွင် ယနေ့ အထိ အချို့ ပညာရေးဝန်ထမ်းအချို့ ပါဝင် ဆန္ဒပြနေဆဲ ဖြစ်သည်။