ဘုရားသုံးဆူ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

0
448
Dawei Watch, Dawei News, Dawei News Media

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး မေလ ၁၉ ရက်နေ့ နံနက်ပိုင်းခန့်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း မြို့ခံတို့ထံမှ သိရသည်။

ဘုရားသုံးဆူမြို့ အမှတ်(၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်မင်းဆိုသူကို ယနေ့နံနက် ၉ နာရီဝန်းကျင်ခန့်က အမည်အသိလူတစ်စုက ဆိုင်ကယ်ဖြင့် လာရောက် ပစ်သတ်သွားခြင်းဖြစ်သည်။

ဦးကျော်ဇင်မင်းသည် ၎င်း၏ ကား၊ ဆိုင်ကယ် ရေဆေးဆိုင်တွင် ရှိနေစဉ် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု မြို့ခံတို့က ပြောသည်။

“သူ့ရဲ့ ကား ဆိုင်ကယ်ရေဆေးဆိုင်မှာပဲ ဖြစ်သွားတယ်၊ ဒီမနက် ၉ နာရီကျော်ကျော်လောက်မှာ ဆိုင်ကယ်နဲ့ လာပြီးတော့ ပစ်သွားတယ်လို့တော့ ပြောတယ်၊ ဘယ်သူဘယ်ဝါလဲဆိုတာတော့ မသိဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားရာနေရာတွင် လုံခြုံရေးတပ်ဖွဲ့တို့မှ အင်အားဖြင့် လုံခြုံရေးရယူထားပြီး အသွားအလာ ပိတ်ထားသည်ဟုလည်း သိရသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်မင်းသည် ဒုတပ်ရင်းမှူးအဆင့်ဖြင့် တပ်မှ အငြိမ်းစားယူထားသူတစ်ဦးဖြစ်ပြီး တပ်အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူး အဖြစ် ခန့်အပ်ခံရသူ ဖြစ်ကြောင်း မြို့ခံတို့ထံမှ သိရသည်။

ဘုရားသုံးဆူမြို့တွင် လိုက်လံ ဖမ်းဆီးမှုများ ရှိသော်လည်း မြို့ခံတို့က ဆက်လက် ဆန့်ကျင်ဆန္ဒပြနေကြဆဲဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ဘုရားသုံးဆူမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်အချို့လည်း ရှိခဲ့သည်။