ထားဝယ်ကမ်းနားလမ်းတွင် အမျိုးသားတစ်ဦး ဓားထိုးခံရ

0
1028

ထားဝယ်မြို့ ကမ်းနားလမ်းတွင် မေလ ၁၈ ရက်ညက အမျိုးသားတစ်ဦးဓားထိုးခံရပြီး ဆေးရုံတင်ပို့ထားပြီး လက်ရှိအချိန်ထိ မိဘများနှင့် အဆက်အသွယ်မရသေးကြောင်း ထားဝယ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ည ၁၀ နာရီခန့်တွင် DDPC ဈေးဝယ်စင်တာအလွန် ကမ်းနားလမ်းပေါ်ရှိ တံတားအနီးတွင် ဖြစ်ပွားခဲ့သည်ဟု သိရကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကိုကိုနိုင်က ဆိုသည်။

ဓားထိုးခံရသူမှာ ပလောက်မြို့တွင် နေထိုင်သူ အသက် ၂၄ နှစ်အရွယ်ရှိ ကိုသန်းဇော်ဖြစ်ကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။

ခန္ဓာကိုယ်တွင် ဓားဒဏ်ရာခြောက်ချက်ရရှိထားသည့် ကိုသန်းဇော်က ကမြောကင်းတံတားဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်းသို့ ပြေးဝင်လာသည်ဟု ဦးကိုကိုနိုင်က ဆိုသည်။

ထိုကဲ့သို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တန်းလျားအတွင်းသို့ ဓားဒဏ်ရာများဖြင့် ပြေးဝင်လာသည့် အဆိုပါ အမျိုးသားတွင် အဝတ်အစားမပါဘဲ ဝတ်လစ်စလစ်ဖြစ်နေကြောင်း ၎င်းက ပြောသည်။

ထိုနောက် ကြက်ခြေနီတပ်ဖွဲ့မှ ကနဦးပြုစုပြီး ထားဝယ်ဆေးရုံကြီးသို့ တင်ပို့ကုသလိုက်ကြောင်း ဦးကိုကိုနိုင်က ဆိုသည်။

“လူနာပြောတဲ့ပုံစံအရကတော့ ပိုက်ဆံအိတ်လုခံရတယ်လို့ ပြောတယ်၊ ဒါပေမယ့် ပတ်ဝန်းကျင်အမြင်ကတော့ သူနဲ့ လူနှစ်ယောက်နဲ့ ရန်ဖြစ်နေတယ်လို့ ပြောတယ်”ဟု ၎င်းက ပြောသည်။

ဓားထိုးခံရသူမှာ လက်ရှိတွင် ထားဝယ်ပြည်သူ့ဆေးရုံကြီး၌ ကုသမှုခံယူနေပြီး မေလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီအထိ မိဘများနှင့် အဆက်အသွယ်မရသေးကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ထံမှ သိရသည်။