မော်လမြိုင်တွင် တက္ကသိုလ် ကျောင်းသူကျောင်းသား ၈ ဦး အဖမ်းခံရ

0
359

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မေလ ၁၇ ရက်နေ့ညက တက္ကသိုလ် ကျောင်းသူ ကျောင်းသား ၈ ဦး ဖမ်းဆီးခံရကြောင်း မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။

မေလ ၁၇ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်တွင် တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ စုပေါင်းနေထိုင်နေကြသည့် နေအိမ်သို့ တပ်ကောင်စီတပ်ဖွဲ့တို့က အင်အားဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသည့် ကျောင်းသူ ကျောင်းသား ၈ ဦးတွင် မော်လမြိုင်တက္ကသိုလ်မှ ၂ ဦး၊ အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်) မှ ၅ ဦးနှင့် မော်လမြိုင်တက္ကသိုလ် အဝေးသင်ကျောင်းသား ၁ ဦးတို့ ဖြစ်သည်ဟု မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

တက္ကသိုလ် ကျောင်းသူ ကျောင်းသား ၈ ဦးအား ဖမ်းဆီးရသည့်အကြောင်းအရင်းနှင့် လက်ရှိတွင် မည်သည့်နေရာသို့ ပို့ဆောင်ထားသည်ကို မသိရှိရသေးကြောင်း မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ပြောသည်။

“လူစုံတဲ့အချိန်မှာ အင်အား အလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်။ လက်ရှိ ဘယ်မှာ ပို့ဆောင်ထားလဲဆိုတာ စုံစမ်းနေဆဲပါ” ဟု နီးစပ်သည့် ကျောင်းသားတစ်ဦးက ပြောသည်။

အဆိုပါ ကျောင်းသူ ကျောင်းသားများ ဖမ်းဆီးခေါ်ဆောင်သွားသည်နှင့်အတူ ၎င်းတို့ ပိုင်ဆိုင်သည့် ဖုန်း၊ ကွန်ပျူတာ၊ ဆိုင်ကယ်နှင့် အခြားအသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်းသွားသည်ဟု မော်လမြိုင်တက္ကသိုလ် သတင်းဌာနမှ သိရသည်။

စစ်အာဏာရှင်ကို ဆန့်ကျင်မှုကြောင့် မွန်ပြည်နယ်တွင် ဖမ်းဆီးခြင်းခံထားရသူ ၃၀၀ ကျော် ရှိသည်ဟု သိရသည်။