အထူးစီးပွားရေးဇုန်ဧရိယာအတွင်း ပြည်သူငါးဦး အဖမ်းခံရ

0
343

ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာ နဘုလယ်ဒေသရှိ ထိန်ကြီးရွာနှင့် ပရဒပ်ရွာနေ ပြည်သူငါးဦးကို မေလ ၁၃ ရက်နေ့ နံနက်က ရဲနှင့်စစ်တပ်က လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ယနေ့ နံနက်စောစောတွင် စစ်ကားသုံးစီး ရောက်လာပြီး ပရဒပ်ရွာနေ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးသွားကြောင်း ယင်းကျေးရွာနေ အမျိုးသမီးတစ်ဦးက ဆိုသည်။

အဖမ်းခံရသည့် အမျိုးသမီးနှစ်ဦးမှာ သားအမိတော်စပ်သည်ဟု သိရသည်။

စစ်ကားများ ရွာထိပ်ရောက်ချိန်တွင် သေနတ်သုံးချက်ပစ်ဖောက်ပြီး အထက်ပါ ပြည်သူသုံးဦးကို ဖမ်းဆီးသွားကြောင်း ယင်းဒေသခံ အမျိုးသမီးက ဆိုသည်။

“သူတို့ထဲက အချို့က ဆန္ဒပြရာမှာတော့ ပါတယ်ရှင်၊ အခြားကိစ္စတော့ လုပ်တာမျိုး မရှိဘူး” ဟု ၎င်းက ပြောသည်။

ရွာချင်းစပ်ဖြစ်သည့် ထိန်ကြီးကျေးရွာတွင် အရုဏ်ဦးသပိတ်လုပ်နေစဉ် စစ်ကား၃ စီး ရောက်လာသည်ဟု သတင်းကြားသည့် အတွက် အမြန်လူစုခွဲလိုက်ရကြောင်း ဆန္ဒပြစစ်ကြောင်းတွင် ပါဝင်နေသည့် အမျိုးသားတစ်ဦးက ဆိုသည်။

ထိုနောက် သေနတ်နှစ်ချက်ပစ်ဖောက်ပြီး ထိန်ကြီးရွာနေ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဝင်ရောက်ဖမ်းဆီးသွားကြောင်း ၎င်းက ပြောသည်။

သေနတ်ပစ်ဖောက်မှုဖြစ်စဉ်များတွင် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း အထက်ပါ ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ၎င်းတို့အား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း ဒေသခံများက ဆိုသည်။

ပုံစာ- ထိန်ကြီးကျေးရွာတွင် မေလ ၁၃ ရက်နေ့ နံနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး အရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။