ဥတ္တူရွာ ဆယ်တန်းကျောင်းသူနှစ်ဦး အဖမ်းခံရ၊ ဆန္ဒပြခေါင်းဆောင်များကို လိုက်လံရှာဖွေနေ

0
582

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ဥတ္တူရွာနေ ၁၀ တန်းကျောင်းသူနှစ်ဦး အဖမ်းခံလိုက်ရပြီး မေလ ၁၃ ရက် နံနက်ပိုင်းတွင် ဆန္ဒပြခေါင်းဆောင်များကို ရဲနှင့် စစ်တပ်က လိုက်ရှာနေကြောင်း ဒေသခံများထံမှ သိရသည်။

ကျောင်းသူနှစ်ဦးကို မေလ ၁၂ ရက်ညတွင် အဆိုပါရွာ၌ လာရောက်ဖမ်းဆီးခြင်းဖြစ်သည်။

ကျောင်းမတက်ရေး သရုပ်ပြဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သည်ဟုဆိုကာ ဆယ်တန်းကျောင်းသူနှစ်ဦးဖြစ်သည့် မသွယ်သွယ်စန်းနှင့် မထွန်းနဒီ (ခ) မီးငယ်လေးတို့နှစ်ဦးကို ယမန်နေ့ညက ဖမ်းဆီးသွားကြောင်း ယင်းကျေး‌ရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းနောက် ယနေ့နံနက် ဆယ်နာရီခန့်တွင် စစ်တပ်ကားများ ရွာထဲထပ်ရောက်လာပြီး ဆန္ဒပြခေါင်းဆောင်‌၏ နေအိမ်ကို လိုက်လံရှာဖွေနေကြောင်း ၎င်းကပြောသည်။

“ဆယ်တန်းကျောင်းသူနှစ်ယောက်ကို ဖမ်းသွားတယ်။ ပြန်လွှတ်ပေးမယ်လို့ပြောသွားတယ်။ ဒီမနက်ကျတော့ ရွာထဲမှာ ဆန္ဒပြခေါင်းဆောင်အိမ် ဘယ်မှာလဲဆိုပြီး လိုက်မေး‌ပြီး အိမ်တွေကိုဝင်စီးတယ်။ ဖမ်းမိတဲ့သူကို စစ်ဆေးပြီး လာဖမ်းတယ်လို့ထင်တယ်” ဟု အထက်ပါအမျိုးသမီးကဆိုသည်။

ယနေ့ နေ့လယ် ၁၂ ကျော်အချိန်အထိ ဆက်သွယ်မေးမြန်းချက်အရ ရွာထဲတွင် စစ်ကားများရှိနေသေးကြောင်းနှင့် နောက်ထပ်အဖမ်းခံရသူမရှိသေးဟုဆိုသည်။

ဖမ်းဆီးခံထားရသည့် ကျောင်းသူနှစ်ဦးမှာလည်း ယနေ့ ၁၂ နာရီအချိန်အထိ ပြန်မလွတ်လာသေးဟုဆိုသည်။

ပုံစာ-ဥတ္တူရွာတွင် မေလ ၁၁ ရက်နေ့က ကျောင်းမတက်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။