ရွှေတစ်ကျပ်သား တစ်သိန်းခွဲဝန်းကျင်အထိ ပြန်ကျ၊ ရောင်းသူထက် ဝယ်သူပိုများ

0
297

အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်တစ်သိန်းခွဲဝန်းကျင်အထိ ဈေးပြန်ကျသွားကြောင်း ထားဝယ်ရွှေဈေးကွက်အတွင်းမှ သိရသည်။

မနေ့ညနေက တစ်ကျပ်သားလျှင် ငွေကျပ် တစ်ဆယ့်ခုနှစ်သိန်းကျော်ပေါက်ဈေးရှိရာမှ မေလ ၁၃ ရက်နေ့တွင် တစ်ဆယ့်ငါးသိန်း‌ခြောက်သောင်းဝန်းကျင်သာရှိတော့သည်။

တပ်အာဏာသိမ်းပြီး မတ်လအတွင်းက အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၁၃ သိန်းခွဲဝန်းကျင်သာ ပေါက်ဈေးရှိခဲ့သည်။

လက်ရှိ ရွှေဈေးတက်လာခြင်းမှာ နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုများကြောင့် လက်ထဲငွေမထားတော့ဘဲ အခေါက်ရွှေဝယ်စုနေခြင်းကြောင့်ဖြစ်ကြောင်း ထားဝယ်စည်ပင်သာယာဈေး‌ကြီးတောင်ဘက်ရှိ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။

“အခေါက်တော့ ဝယ်သူများတယ်ပေါ့နော်၊ သူတို့ ပိုက်ဆံကို အပြင်မှာ ထားရမှာကြောက်လို့ ရွှေဝယ်ကြတယ်ပေါ့၊ ဘဏ်ထဲက ပိုက်ဆံတွေထုတ်ပြီး အခေါက်ဝယ်တယ်လေ၊ အရောင်းနဲ့ အဝယ်မှာ အဝယ်ကပိုများနေတယ်” အထက်ပါအမျိုးသမီးက ပြောသည်။

ရွှေဈေး အတက်အကျ မြန်နေသည့်အတွက် ဈေးကွက်ခေတ္တနားရမည့်အခြေအနေဖြစ်နေကြောင်း ထားဝယ်မြို့ ပိန္နဲတောရပ်ကွက်ရှိ ရွေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

မြန်မာတွင် နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုကြောင့် ရွှေဈေး၊ ဒေါ်လာဈေး၊ ထိုင်းဘတ်ဈေး၊ စက်သုံးဆီဈေးများ အတက်ကြမ်းနေသည်။