မုဒုံ NLD ပြန်ကြားရေးတာဝန်ခံ ဖမ်းဆီးခံရ

0
241

မွန်ပြည်နယ် မုဒုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြန်ကြားရေးတာဝန်ခံမှာ မေလ ၅ ရက်နေ့ ညက အဖမ်းခံလိုက်ရကြောင်း ပြည်နယ် ပါတီ တာဝန်ရှိသူတို့ထံမှ သိရသည်။

မုဒုံ NLD ပြန်ကြားရေးတာဝန်ခံ ဦးကိုကိုဦးကို မေလ ၅ ရက်နေ့ည ၁၁ နာရီဝန်းကျင်ခန့်က စစ်သားနှင့် ရဲ အင်အားအများအပြားဖြင့် နေအိမ်တွင် လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

“သူ့နေအိမ်မှာပဲ လာဖမ်းသွားတယ်၊ လက်ရှိအခြေအနေကတော့ တိမ်းရှောင်နေကြရတယ်” ဟု မွန်ပြည်နယ် NLD တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းပြင် ဆန္ဒပြဦးဆောင်သူ အခြားတစ်ဦးကိုလည်း ဖမ်းဆီးသွားပြီး ၎င်းတို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုထားကြောင်းလည်း သိရသည်။

ပြည်နယ်အတွင်းက NLD ပါဝင်အချို့တို့ အဖမ်းဆီးခံနေရသည့်အပြင် NLD လွှတ်တော်ကိုယ်စားလှယ်အချို့တို့ကိုလည်း အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတို့တွင် ပါဝင်ခဲ့သည်ဟုဆိုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)၊ ၅၀၅(ခ) တို့ဖြင့် တရားစွဲဆိုထားသည်လည်းရှိသည်။

တရားစွဲဆိုခံထားရသည့် ကိုယ်စားလှယ်များအနက် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် သထုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်တို့ နှစ်ဦး ဖမ်းဆီးခံထားရပြီး ကျန်လွှတ်တော်ကိုယ်စားလှယ်များ ထွက်ပြေးတိမ်းရှောင်နေကြသည်။