ဒက္ခိဏသတင်းထောက် ပုဒ်မနှစ်ခုဖြင့် တရားစွဲခံရ၊ မနက်ဖြန် ရုံးထုတ်မည်

0
156

ထားဝယ်အခြေစိုက် ဒက္ခိဏသတင်းဌာန သတင်းထောက် ကိုနိုင်လင်းထွန်းအား ပုဒ်မနှစ်ခုဖြင့် တရားစွဲခံထားရပြီးမေလ ၆ ရက်နေ့တွင် အမှုစစ်ဆေးမည့် ရုံးချိန်းရှိကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေထံမှ သိရသည်။

Dakkhina Insight (ဒက္ခိဏ) သတင်းဌာန သတင်းထောက် ကိုနိုင်လင်းထွန်းသည် ဧပြီလ ၂၁ ရက်နေ့ နံနက်က ဆန္ဒပြပွဲသတင်းယူနေစဉ် ရဲနှင့် စစ်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့သည်။

ထိုနေ့ ညနေတွင်ပင် ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲတင်ခဲ့ကြောင်း အထက်ပါရှေ့နေက ဆိုသည်။

ကိုနိုင်လင်းထွန်းအား ရာဇသတ်ကြီးဥပဒေပုဒ်မ – ၁၄၅ ၊ ၅၀၅ – က တို့ဖြင့် တရားစွဲတင်ခဲ့ကြောင်း ၎င်းက ပြောသည်။

မေလ ၆ ရက်နေ့ ရုံးချိန်းကို ထားဝယ်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးတွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း ယင်းရှေ့နေက ဆိုသည်။

“မနက်ဖြန်ရုံးချိန်းမှာဆိုရင် သူ့ကို မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (CMP) အစည်းအဝေး လုပ်လိမ့်မယ်ခင်ဗျား” ဟု ၎င်းက ပြောသည်။

မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ဆိုသည်မှာ အမှုများကို မြန်ဆန်စွာ စစ်ဆေးနိုင်ရန် အမှုဖြစ်သည့်နှစ်ဦးနှစ်ဖက်ကို စစ်ဆေးမည့် ရက်အားကြိုတင်ညှိနှိုင်း ချိန်းဆိုခြင်းဖြစ်ပြီး အမှုများကို အချိန်ကြန့်ကြာခြင်းမရှိဘဲ ဆုံးဖြတ်ချက်အမိန့်ချနိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး တရာလွှတ်တော်ရုံးက ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် နကစ ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅-က တွင် အချက်သုံးချက်ကို ပြဋ္ဌာန်းထားသည်။

(၁)နိုင်ငံသားတစ်စုကိုဖြစ်စေ၊ ပြည်သူလူထုကိုဖြစ်စေ ထိတ်လန့်စေလျှင် သို့မဟုတ် ထိတ်လန့်စေရန် ကြံရွယ်ခြင်း (၂) မမှန်ကန်ကြောင်းကြိုတင်သိရှိပါလျက် မမှန်သတင်းများဖြန့်ဝေမှုပြုလုပ်လျှင် သို့မဟုတ် ဖြန့်ဝေရန်ကြံရွယ်ခြင်း၊ (၃) အစိုးရဝန်ထမ်း တစ်ဦးဦးကိုဖြစ်စေ၊ အစိုးရဝန်ထမ်းတစ်ဖွဲ့ကိုဖြစ်စေ၊ အစိုးရဝန်ထမ်းအများကိုဖြစ်စေ ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြုလုပ်/ ကြံရွယ်/လှုံ့ဆော်ခြင်းဟု ဖော်ပြထားသည်။

အထက်ပါအချက်များကို ဖောက်ဖျက်သည်ဟု သတ်မှတ်ပါက ငွေဒဏ်နှင့်တကွ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။

ရာဇသတ်ကြီးပုဒ်မ – ၁၄၅ မှာ လူစုခွဲရန် အမိန့်ပေးပြီးကြောင်းသိလျက် ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေး၌ ပါဝင်နေခြင်းဖြစ်ပြီး ဖောက်ဖျက်သည်ဟု သတ်မှတ်ပါက ၂ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။