သုံးရက်ကြာထိန်းသိမ်းခံရသည့် ထားဝယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း နှစ်ဆယ်ကျော် ပြန်လွတ်

0
134

ထားဝယ်မြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းများကို မေလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း ထိန်းသိမ်းစစ်မေးခံရသည့် အုပ်ချုပ်ရေးမှူးဟောင်းအချို့ထံမှ သိရသည်။

မြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း နှစ်ဆယ်ကျော်ကို ဧပြီလ ၂၉ ရက်နေ့တွင် ထားဝယ်မြို့မရဲစခန်း၌ စတင်ထိန်းသိမ်း ထားခဲ့သည်။

ယင်းနောက် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား နိုင်ငံရေးနှင့် ပတ်သက်ခြင်းရှိ/ မရှိနှင့် လက်ကိုင်ဖုန်းထဲတွင် နိုင်ငံရေးနှင့် ပတ်သက်သည့် ဓာတ်ပုံရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း ယင်းရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းများက ဆိုသည်။

“နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်မှု ရှိလားဆိုတာ မေးတယ်၊ တရားခံစစ်တဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ အေးအေးဆေးဆေးထိုင်ပြီး မေးတယ်” ဟု စစ်မေးခံရသည့် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ စစ်မေးကြောင်းကို ပြင်ပသို့ ထုတ်မပြောရန်လည်း မှာလိုက်ပြီး ကိုယ်ရေးမှတ်တမ်းအကျဉ်းကိုလည်း ပေးခဲ့ရသည်ဟု ဆိုသည်။

ထိန်းသိမ်းစစ်မေးခဲ့သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၇ ဦးကို မေလ ၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း အထက်ပါ အုပ်ချုပ်ရေးမှူးဟောင်းက ပြောသည်။

ယင်းအပြင် လိုအပ်သည့် အကူအညီတောင်းခံလာပါက ပေးအပ်ရန်လည်း မှာလိုက်ကြောင်း ၎င်းက ဆိုသည်။

ထို့သို့ ထိန်းသိမ်းစစ်ဆေးချိန်တွင် အချုပ်ခန်းထဲထည့်ထားခြင်းမျိုးမဟုတ်ဘဲ ရဲစခန်းအတွင်း လွတ်လပ်စွာ နေခွင့်ပြုထားပြီး ဖုန်းသုံးစွဲခွင့်လည်း ပေးထားကြောင်း ယင်းအုပ်ချုပ်ရေးမှူးဟောင်းက ဆိုသည်။

ထားဝယ်မြို့နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း သုံးဆယ်ကျော်ရှိပြီး အချို့မှာ ယနေ့တွင်မှ အစစ်ခံရန် ရဲစခန်းသို့ သွားသူ လည်းရှိကြောင်း သိရသည်။

ပုံစာ- ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ထားဝယ်မြို့မရဲစခန်းအရှေ့
မြင်ကွင်း