သကျက်တောတွင် ဆန္ဒမပြတော့ဟု အုပ်ထိန်းသူခံဝန် ထိုးထားသူတစ်ဦး အဖမ်းခံရ

0
136
Dawei Watch, Dawei News, Dawei News Media

လောင်းလုံးမြို့နယ် သကျက်တောကျေးရွာတွင် ဆန္ဒပြပွဲများ၌ မပါဝင်တော့ကြောင်း အုပ်ထိန်းသူက ခံဝန်ထိုးထားသည့် အမျိုးသားတစ်ဦး ဧပြီလ ၂၈ ရက်နေ့က အဖမ်းခံရကြောင်း မိသားစုဝင်များထံမှ သိရသည်။

သကျက်တောရွာနေ အသက် ၂၇ နှစ်အရွယ် ကိုအောင်ကိုကိုအား ဆန္ဒပြပွဲများတွင် ဦးဆောင်သည်ဟုဆိုကာ လာရောက်ဖမ်းဆီးသွားကြောင်း ၎င်း၏မိသားစုဝင်တစ်ဦးက ဆိုသည်။

ယခုလအစောပိုင်းက ခရိုင်ရဲတပ်ဖွဲ့တာဝန်ရှိသူက သကျက်တောဒေသခံ ၉ ဦး၏ မိဘများကိုခေါ်ကာ ၎င်းတို့၏ သားသမီးများ ဆန္ဒပြပွဲတွင် မပါဝင်တော့ကြောင်း ရပ်မိရပ်ဖများရှေ့မှောက်တွင် ခံဝန်ထိုးခိုင်းထားကြောင်း ၎င်းက ပြောသည်။

ထိုသို့ ခံဝန်စည်းကမ်းချက်အတိုင်း နေထိုင်မည်ဆိုပါက ဖမ်းဆီးမည်မဟုတ်ဟု ပြောဆိုခဲ့ကြောင်း အထက်ပါ မိသားစုဝင်က ဆိုသည်။

လက်ရှိ အဖမ်းခံရသည့် ကိုအောင်ကိုကို၏ အုပ်ထိန်းသူမိဘကလည်း ခံဝန်ထိုးထားကြောင်း သိရသည်။

“ဝန်ခံကတိကို ခရိုင်ရဲက ဆင်းလာပြီး လက်မှတ်ထိုးခိုင်းထားတယ်၊ အခုတော့ သူတို့ဖမ်းတာပဲ”ဟု ယင်းမိသားစုဝင်က ပြောသည်။

လက်ရှိတွင် အဖမ်းခံထားရသည့် ကိုအောင်ကိုကိုအား ရာဇသတ်ကြီးပုဒ်မ-၅၀၅(က) ဖြင့် အမှုဖွင့်ထားသည်ဟု သိရပြီး ထားဝယ်သို့ ခေါ်ဆောင်သွားသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

သကျက်တောရွာတွင် လက်ရှိအချိန်ထိ CDM လုပ်နေသည့် ဝန်ထမ်းတစ်ဦး အပါအဝင် ပြည်သူသုံးဦးကို ဖမ်းဆီးထားသည်။