မြိတ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များ အပါအဝင် ငါးဦးအဖမ်းခံရ

0
151

မြိတ်မြို့ရှိ တက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် သုံးဦးအပါအဝင် ငါးဦးသည် ဧပြီလ ၂၄ ရက်ညက အဖမ်းခံလိုက်ရကြောင်း သိရသည်။

ကွန်ပျူတာတက္ကသိုလ်(မြိတ်)ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုသက်လွင်ငြိမ်း၊ မြိတ်တက္ကသိုလ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပြည့်မင်းခန့်၊ နည်းပညာတက္ကသိုလ်(မြိတ်) သမဂ္ဂအဖွဲ့ဝင် ကိုစိုးဝေယံဖြိုးတို့ အဖမ်းခံလိုက်ရခြင်းဖြစ်သည်။

ည ၁၂ နာရီအချိန် နေအိမ်တွင် ၎င်းတို့သုံးဦးအား လာရောက်ဖမ်းဆီးသွားကြောင်း မြိတ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ဘာဖြစ်လို့ဖမ်းသွားတယ်ဆိုတာတော့မသိဘူး။ တာဝန်အရလာခေါ်တာ ခဏလိုက်ခဲ့ပါဆိုပြီး ခေါ်သွားတယ်လို့ပြောတယ်” ဟု ၎င်းကဆိုသည်။

မြိတ်လေတပ်စခန်းနှင့် မြို့မရဲစခန်းတို့တွင် ယနေ့သွားရောက်စုံစမ်း သော်လည်း ၎င်းတို့သုံးဦးအား မတွေ့ရကြောင်း ၎င်းကဆိုသည်။

ယင်းတက္ကသိုလ်ကျောင်းသားသုံးဦးအပြင် အခြားမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကိုပါ ယင်းညက ဖမ်းဆီးသွားကြောင်း မြိတ်မြို့ခံတစ်ဦးကဆိုသည်။