နယ်စပ်မှ စားသောက်ကုန်လေးမျိုး တင်သွင်းခွင့်ကန့်သတ်၊ တနင်္သာရီတိုင်းလည်း အကျုံးဝင်

0
200

နယ်စပ်ဂိတ်များမှ စားသောက်ကုန်လေးမျိုး ယာယီတင်သွင်းပိတ်မည့်ညွှန်ကြားချက်တွင် တနင်္သာရီတိုင်းလည်း အကျုံးဝင်ကြောင်း စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ပြောကြားသည်။

မေလ ၁ ရက်နေ့မှ စတင်ကာ အချိုရည်မျိုးစုံ၊ ကော်ဖီမစ်နှင့် တီးမစ်မျိုးစုံ၊ Instant ကော်ဖီ၊ နို့ဆီနို့စိမ်း စသည့်စားသောက်ကုန် လေးမျိုးကို မြဝတီနယ်စပ်မှ ယာယီတင်သွင်းခွင့်ယာယီပိတ်မည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ဧပြီလ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်။

အဆိုပါစားသောက်ကုန်လေးမျိုးကို ပင်လယ်ရေကြောင်းမှသာ တင်သွင်းခွင့်ပြုမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်ပါ ပစ္စည်းလေးမျိုးတင်သွင်းခွင့် ယာယီပိတ်ခြင်းမှာ တနင်္သာရီတိုင်းအတွင်းရှိ နယ်စပ်ဝင်ပေါက်များပါ အကျုံးဝင်ပြီး သတ်မှတ်ရက်နောက်ပိုင်းတွင် တင်သွင့်ခွင့်မရှိတော့ကြောင်း စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ဆိုသည်။

အထက်ပါထုတ်ပြန်စာတွင်မူ တင်သွင်းခွင့် ယာယီကန့်သတ်ခြင်းကို မြဝတီနယ်စပ်ဂိတ်တစ်ခုတည်းကိုသာ ရည်ညွှန်းထားသည်။

“(နယ်စပ်ဂိတ်ဂိတ်သုံးခုစလုံး) အကျုံးဝင်တယ်၊ သူက တင်သွင်းခွင့်ယာယီပိတ်တာပါ”ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းအတွင်း ထိုင်းနိုင်ငံနှင့် ကူးလူးရောင်းဝယ်နေသည့် တရားဝင်နယ်စပ်ကုန်သွယ်ရေး စခန်းသုံးခုရှိသည်။

တိုင်းအတွင်းရှိ ထီးခီး၊ မောတောင်နှင့် ကော့သောင်းနယ်စပ်ကုန်သွယ်ရေးခန်းများမှ စားသောက်ကုန်၊ မီးဖိုချောင်သုံးပစ္စည်းနှင့် ဟင်းသီးဟင်းရွက်များ ပုံမှန်တင်သွင်းလေ့ရှိသည်။

အထက်ပါ နယ်စပ်ကုန်သွယ်ရေးစခန်းသုံးခု၏ ကုန်သွယ်မှုမှာ တဖြည်းဖြည်းလျော့နည်းလာကြောင်း ကုန်သွယ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ခုနှစ် ဧပြီလအထိ ကုန်သွယ်မှုပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ၁၅၃၈ သန်းရှိကြောင်း ဖော်ပြထားသည်။

ကာလတူဖြစ်သည့် ၂၀၂၀ ခုနှစ် အောက်တိုဘာလမှ ၂၀၂၁ ဧပြီလအထိ ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၉၃၇ သန်းရှိသည်။

ဓာတ်ပုံ – ထီးခီးနယ်စပ်ဂိတ် တစ်နေရာအား ၂၀၁၉ ခုနှစ်က တွေ့ရစဉ်