ထားဝယ်မြို့‌ဟောင်းရွာမှ မီးလောင်ခံရသည့်မိသားစုနှစ်ဦး ထပ်မံသေဆုံး

0
254
Dawei Watch, Dawei News, Dawei News Media

လောင်းလုံးမြို့နယ် မြို့ဟောင်းကျေးရွာအုပ်စု ဒေသအခေါ် ဂန်တောင်ရွာ၌ နေအိမ်မီးလောင်ခံရသည့် မိသားစုတွင် သေဆုံးသူ သုံးဦးရှိသွားပြီဖြစ်သည်။

မတ်လ ၂၁ ရက်ညက နေအိမ်မီးလောင်မှုတွင် မိသားစုဝင်ခုနှစ်ဦး မီးလောင်ခံရပြီး လက်ရှိအချိန်ထိ သုံးဦး အသက်ဆုံးပါးသွားခြင်းဖြစ်သည်။

မီးလောင်ရာတွင် အသက် ငါးဆယ်ဝန်းကျင်အရွယ် ‌ဒေါ်ရီရီမွန်၊ အသက် ၂၄ နှစ်အရွယ် ကိုထက်လင်းစိုး၊ တက္ကသိုလ်ကျောင်းသူ မအိမြတ်မော်၊ အသက် ၁၇ နှစ်အရွယ် မယွန်းနဒီမော်၊ အသက် ၅ နှစ်အရွယ် မောင်အောင်ပိုင်ထွေး၊ အသက် ၃၀ အရွယ် ဖိုးစီ(ခ) ကို‌ဟဲအောင်နှင့် (၇)အသက် ၁၄ နှစ်အရွယ် မောင်ကျော်မင်းထိုက်တို့ မီးလောင်ဒဏ်ပြင်းထန်စွာရရှိခဲ့ပြီး တပ်ဆေးရုံတွင် ဆေးကုသမှုခံယူနေခဲ့သည်။

အသက် ၁၄ နှစ်အရွယ် မောင်ကျော်မင်းထိုက်မှာ မီးလောင်မှုဖြစ်ပြီး နောက်တစ်နေ့မှာပင် သေဆုံးသွားခဲ့သည်။

ကျန်သူများ စစ်တပ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရင်း ဧပြီလ ၁၁ ရက်တွင် မောင်အောင်ပိုင်ထွေးနှင့် ဧပြီလ ၁၅ ရက်တွင် တက္ကသိုလ်ကျောင်းသူ မအိမြတ်မွန်တို့နှစ်ဦး မီးလောင်ဒဏ်ရာဖြင့်ပင် ဆုံးပါးသွားကြောင်း အဒေါ်ဖြစ်သူ ဒေါ်ချိုချိုကပြောသည်။

“အငယ်ဆုံးကောင်လေး (မောင်အောင်ပိုင်ထွေး) ဆုံးပြီး ရက်ကိုမလည်ရသေးခင်မှာ အကြီးမလေး (မအိမြတ်မွန်) ထပ်ဆုံးသွားတာ” ဟု မီးလောင်ဒဏ်ရာရသူများကို အနီးကပ်ပြုစုပေးနေသူ ဒေါ်ချိုချိုကဆိုသည်။

ကျန်သုံးဦးအနက် အမျိုးသားတစ်ဦးမှာ ဒဏ်ရာသက်သာသဖြင့် ဆေးရုံမှဆင်းသွားပြီး နှစ်ဦးမှာ ဆေးကုသမှု ခံယူနေဆဲဖြစ်သည်။