တနင်္သာရီတိုင်းအတွင်း အကျဉ်းသားတစ်ထောင်ကျော် လွတ်

0
322

တနင်္သာရီတိုင်းအတွင်းရှိ အကျဉ်းသား ၁၂၂၄ ဦးကို လွတ်ငြိမ်း သက်သာခွင့်ပေးခဲ့ကြောင်း တိုင်းဒေသကြီး အကျဉ်းဦးစီးဌာနထံမှ သိရသည်။

ထားဝယ်အကျဉ်းထောင်မှ ၁၉၉ ဦး၊ မြိတ်အကျဉ်းထောင်မှ ၃၅၇ ဦး၊ ကော့သောင်းအကျဉ်းထောင်မှ ၃၇၅ ဦးနှင့် အလုပ်စခန်းများမှ ၂၉၃ ဦးကို ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။

လက်ရှိလွတ်ငြိမ်းသက်သာခွင့်မှာ ပြစ်ဒဏ်၏ လေးပုံတစ်ပုံကို လျော့ရက်အဖြစ်သတ်မှတ်ပြီး လွှတ်ပေးကြောင်း တနင်္သာရီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးက ဆိုသည်။

“လျော့ရက်ပေးတာကို နှုတ်လိုက်လို့ရှိရင် လွတ်တဲ့လူတွေကို လွှတ်ပေးတာပေါ့နော်၊ ပြီးရင် စည်းကမ်းသတ်မှတ်ချက်ပေါ့ နောင်ကို ပြစ်မှုတစ်ခုခုမကျူးလွန်ရဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ စည်းကမ်းချက်မှာ နောက်ပိုင်းပြစ်မှုတစ်ခုခုထပ်မံကျူးလွန်ပါက လျော့ပေးလိုက်သည့် လက်ကျန်ပြစ်ဒဏ်ကိုပါ ပေါင်းပြီးခံရမည်ဖြစ်ကြောင်း အထက်ပါ ညွှန်ကြားရေးမှူးက ဆိုသည်။

တနင်္သာရီတိုင်းတွင် အကျဉ်းထောင်သုံးခုနှင့် အလုပ်စခန်း သုံးခုရှိသည်။

ပုံစာ-ထားဝယ်အကျဉ်း‌ထောင်အရှေ့တွင် မိသားစုဝင်များ လာရောက်စောင့်ဆိုင်းနေကြသည်။