လောင်းလုံးတွင် သပိတ်စစ်ကြောင်းလိုက်သည့် ဆိုင်ကယ်အား ကားဖြင့်ဝင်တိုက်၊ အမျိုးသားတစ်ဦး အဖမ်းခံရ

0
175

လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာ သပိတ်စစ်ကြောင်းတွင် လိုက်ပါနေသည့် ဆိုင်ကယ်အား ကားဖြင့်ဝင်တိုက်ပြီး အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့‌ကြောင်း ဆန္ဒပြစစ်ကြောင်းတွင် ပါဝင်သူအချို့ထံမှသိရသည်။

ဧပြီလ ၁၇ ရက်နံနက်ပိုင်းက စစ်အာဏာရှင်ဆန်ကျင်ရေး ဆိုင်ကယ်ဖြင့် စီတန်းလှည့်လည်နေစဉ် သပိတ်‌စစ်ကြောင်းအနောက်ဘက်တွင် ကျန်နေခဲ့သည့် ဆိုင်ကယ်တစ်စီးကို အရပ်ဝတ်‌သေနတ်ကိုင်များက အိမ်စီးကားဖြင့်ဝင်တိုက်ခဲ့ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်နေသည့် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

ထိုနောက် ဆိုင်ကယ်ပေါ်ပါ အင်းဇောက်ကျေးရွာနေ ဦးခင်ဇော်လွင်ကို ဖမ်းဆီးသွားကြောင်း အထက်ပါ အမျိုးသားက ပြောသည်။

“ကားနဲ့ဆိုင်ကယ်ကို တိုက်လိုက်တယ်။ ကျွန်‌တော်တို့ ထွက်ပြေးတဲ့အချိန်မှာ သေနတ်ထုတ်ချိန်ပြီး သူငယ်ချင်းကို ဖမ်းသွားတယ်” ဟု အဆိုပါ အမျိုးသားကပြောသည်။

ထိုဖြစ်စဉ်တွင် သေနတ်ပစ်ဖောက်ခြင်း မရှိခဲ့ပေ။

ဦးခင်ဇော်လွင်သည် အင်းဇောက်ကျေးရွာသပိတ်စစ်ကြောင်းနှင့်အတူလိုက်ပါလာစဉ် သာယာကုန်းကျေးရွာနှင့် မင်းရပ်ကျေးရွာအကြားတွင် အဖမ်းခံရခြင်းဖြစ်သည်။