လောင်းလုံးတွင် ဆန္ဒမပြရန် နစက ကောင်စီ စည်းရုံး

0
158
Dawei Watch, Dawei News, Dawei News Media

လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် စစ်အာဏာရှင်ဆန့်ရှင်ရေးဆန္ဒပြခြင်းများ မလုပ်ရန် လာရောက်ညှိနှိုင်းခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

သကျက်တောကျေးရွာတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အနီးတဝိုက်ရှိကျေးရွာများမှ ဘုန်းကြီးများ၊ ရပ်မိရပ်ဖများတက်ရောက်သည့် ယင်းတွေ့ဆုံပွဲတွင် ဒေသခံတက်ကြွ လှုပ်ရှားသူများနှင့် အာဏာဖီဆန်ရေး(CDM) မလုပ်ရန် ဒုတိယရဲမှူးကြီးအဆင့်ရှိ ရဲအရာရှိတစ်ဦးက ပြောဆိုခဲ့ကြောင်း တွေ့ဆုံပွဲတက်ရောက်သည့် အမျိုးသားတစ်ဦးက ဆိုသည်။

သကျက်တောကျေးရွာတွင် တက်ကြွလှုပ်ရှားသူ ၇ ဦးနှင့် အာဏာဖီဆန်ရေး(CDM) ဝန်ထမ်း ၂ ဦးကို နောက်မလုပ်ရန် ခံဝန်ထိုးပေးပါက ဖမ်းဆီးခြင်းမခံရစေရန် တာဝန်ယူသည်ဟု အထက်ပါဒုရဲမှူးကြီးက ပြောသည်ဟု ၎င်းက ဆိုသည်။

“ဆန္ဒမပြဖို့ နဲ့ CDM လှုပ်ရှားမှုတွင် မပါဝင်ဖို့ ခံဝန်လာထိုးရင် မှဲ့တစ်ပေါက်မစွန်းစေရန် တာဝန်ယူမယ်ဆိုပြီးပြောတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ဒေသတွင်း တက်ကြွလှုပ်ရှားသူများနှင့် CDM ဝန်ထမ်းများက အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ခြင်းမရှိဘဲ တိမ်းရှောင်နေကြကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါကျေးရွာတွင် ပြီးခဲ့သည့်ရက်ပိုင်းက ရဲနှင့် စစ်တပ်က CDM ဝန်ထမ်းတစ်ဦးနှင့် NLD ပါတီတာဝန်ရှိသူတစ်ဦးအား ဖမ်းဆီးထားသည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ ဖမ်းဆီးမှုဖြစ်စဉ်များကြောင့် တာဝန်ရှိသူ၏ ကတိပေးပြောဆိုမှုအပေါ် ယုံကြည်မှုမရှိကြောင်း CDM လုပ်ထားသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။

လက်ရှိတွင် CDM လုပ်ရန် ဦးဆောင်လှုံ့ဆော်နေသည်ဟု ယူဆရသူများအား ဖမ်းဆီးမှုများ ခပ်စိတ်စိတ်လုပ်ဆောင်နေသည်။