သင်္ကြန်မှာမပါဝင်ကြဖို့ မြိတ်နဲ့ ကော့သောင်းက လူငယ်တွေတောင်းဆို

0
494

နှစ်သစ်ကူးပွဲတော် သင်္ကြန်မှာ မပူးပေါင်းကြဖို့၊ အပျော်အပါးမလုပ်ကြဖို့ဆိုပြီးတော့ မြိတ်နဲ့ ကော့သောင်းမြို့က လူငယ်တွေကတောင်းဆိုနေကြပါတယ်။

ကော့သောင်းက ပြည်သူတွေ သင်္ကြန်မကျင်းပဖို့၊ ပျော်ပွဲရွှင်ပွဲတွေ မလုပ်ကြဖို့ကို မြို့ခံလူငယ်တွေက ဦးဆောင်ပြီး လှုံ့ဆော်တာတွေ ဧပြီလ ၆ ရက်‌မှာ စတင်လုပ်ဆောင်နေကြပါတယ်။

အွန်လိုင်းကနေလှုံ့ဆော်တောင်းဆိုတာတွေလုပ်မှာဖြစ်သလို လက်ကမ်းစာစောင်တွေလည်း လိုက်လံဝေငှဖို့ရှိတယ်လို့ ကော့သောင်းမြို့ခံတစ်ဦးက ဆိုပါတယ်။

“စစ်အာဏာရှင် ဆက်ရှိနေရွေ့ ဒီသင်္ကြန်ကို ကော့သောင်းမြို့သူ၊ မြို့သားတွေက မကျင်းပဖို့ပေါ့နော်။ ပြီးတော့ ကော့သောင်းအပါအဝင်ပေါ့‌နော် မြန်မာတစ်နိုင်ငံလုံးမှာ ကျဆုံးသွားတဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သင်္ကြန်ကို မကျင်းပဖို့လုပ်တာဖြစ်တယ်” လို့ ဦးဆောင်နေသူတစ်ဦးက ဆိုပါတယ်။

အဲဒီလိုပဲ မြိတ်မြို့က လူငယ်တွေကလည်း သင်္ကြန်ပွဲမှာ မပူးပေါင်းကြဖို့ စာရွက်တွေဖြန့်ပြီး တိုက်တွန်းတာတွေရှိပါတယ်။

“သင်္ကြန်ပွဲမှာမပါဖို့စာရွက်တွေ မြိတ်လူငယ်တွေက ထုတ်ထားတယ်ဆိုတာမှန်ပါတယ်။ ဓာတ်တိုင်တွေမှာ ကပ်ထားတဲ့စာရွက်တွေတော့(အခြားသူတွေက) ပြန်ခွာလိုက်လို့ အခုမရှိတော့ဘူး” လို့ မြိတ်မြို့ခံ လူငယ်တစ်ဦးက ဆိုပါတယ်။

ဧပြီလ ၁၃ ရက်နေ့ဟာ သင်္ကြန်ကျတဲ့နေ့ဖြစ်ပါတယ်။ ထားဝယ်မှာတော့ သင်္ကြန်ကျနေ့မတိုင်ခင် ကလေးသင်္ကြန်ဆိုတာရှိပါတယ်။

မြန်မာတစ်နိုင်လုံးအတိုင်းအတာနဲ့ သင်္ကြန်ကာလကို အပြင်မထွက်ဘဲ သပိတ်မှောက်ကြဖို့ တိုက်တွန်းနေကြတာတွေလည်းရှိပါတယ်။