တိုက်ပွဲကြောင့် ရေးမြို့နယ် ရွာအချို့ ရွာလုံးကျွတ် ထွက်ပြေး

0
416

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ကျေးရွာအချို့ ရွာလုံးကျွတ်ထွက်ပြေးနေရသည်ဟု ဒေသခံတို့က ပြောသည်။

မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ KNU တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် မာန်အောင်ကျေးရွာ တွင် ဧပြီလ ၆ ရက်နေ့ ည ၆ နာရီ ၄၀ မိနစ်အချိန်ခန့်မှ ၈ နာရီ ၁၀ မိနစ်အချိန်ထိ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

တိုက်ပွဲကြောင့် မာန်အောင်ကျေးရွာတစ်ရွာလုံး နီးစပ်ရာ ကိုးမိုင်ကျေးရွာ၊ ဟံဂံကျေးရွာနှင့် ရေးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

“တစ်ရွာလုံး ထွက်ပြေးကြတယ်၊ ကိုးမိုင် ဟံဂံ တချို့က မြို့ပေါ်ရောက် ကိုယ်နဲ့ နီးစပ်ရာကို ထွက်ပြေးသွားကြတာပေါ့၊ ပစ္စည်းတွေ ဘာတွေ သယ်နေကြတာ ရွာပျက်သွားသလိုပဲ” ဟု ကိုးမိုင်ကျေးရွာခံတစ်ဦးက ပြောသည်။

ထွက်ပြေးလာသူများကို နီးစပ်ရာ အသိမိတ်ဆွေနေအိမ်နှင့် ဘုန်းကြီးကျောင်းတို့တွင် ခိုလှုံနေကြရသည်ဟု အထက်ပါ ရွာခံက ဆက်ပြောသည်။

မတ်လ ၇ ရက်နေ့ နံနက်ပိုင်းအထိ တိုက်ပွဲဆက်ဖြစ်ပွားခြင်းမရှိသော်လည်း အခြေအနေသည် အချိန်မရွေး တိုက်ပွဲ ပြန်ဖြစ်ပွားနိုင်သည့်အနေအထားရှိနေသည်ဟု ဒေသခံတို့က ပြောသည်။

KNU တပ်မဟာ ၆ ဘက်ကလည်း စစ်တပ် တပ်ဖွဲ့ဝင်များ အင်အားဖြည့်တင်းထားပြီး စစ်ရေးလှုပ်ရှားမှုလည်း တိုးချဲ့လာကြောင်း၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ပြောသည်။

ယမန်နေ့ညက ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ပေါင်တွင် ကျည်ထိမှန်ခဲ့ကြောင်း ကျေးရွာလုံခြုံရေးတပ်စခန်းတစ်ခု စွန့်ခွာပေးခဲ့ရကြောင်း KNU တပ်မဟာ ၆ က ထုတ်ပြန်ထားသည်။

ယခုတိုက်ပွဲဖြစ်ပွားခဲ့သည့် KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်း စစ်တပ်တပ်ဖွဲ့ဝင်တို့က ဧပြီလ ၅ ရက်နေ့ကတည်းက စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာခဲ့သည်။

စစ်တပ် နှင့် KNU တပ်မဟာ ၅၊ တပ်မဟာ ၃၊ တပ်မဟာ ၁ တို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိပြီး တိုက်ပွဲကြောင့် ဒေသခံ သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရသည်။