ကော့သောင်းက ဖမ်းဆီးခံလူငယ် အလောင်းပြန်ပို့

0
378

ကော့သောင်းမြို့မှာ အဖမ်းခံလိုက်ရတဲ့ ‌ကိုရဲမင်းထွန်းရဲ့ အ‌လောင်းလာထုတ်ဖို့ ရဲတပ်ဖွဲ့က ဧပြီလ ၅ ရက်မှာ အကြောင်းကြားခဲ့တယ်လို့ မိသားစုဝင်တွေထံကနေ သိရပါတယ်။

ကော့သောင်းမြို့ ၈ မိုင်ကျေးရွာ လေယာဉ်ကွင်းအနီးမှာနေထိုင်တဲ့ အသက် ၃၂ နှစ်အရွယ် ကိုရဲမင်းထွန်းဟာ ပြီးခဲ့တဲ့ လေးရက်လောက်က အိမ်ကနေထွက်သွား‌ပြီး ရွှေပြည်သာရပ်ကွက်မှာ အဖမ်းခံလိုက်ရတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

အဲဒီနောက် အဆက်အသွယ်မရတော့ဘဲဖြစ်နေရာကနေ ဧပြီလ ၅ ရက်မှာ ကော့သောင်းဆေးရုံ ရင်ခွဲရုံမှာ အလောင်းလာထုတ်ဖို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖုန်းဆက်‌အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

အကြောင်းကြားတဲ့နေ့မှာပဲ အလောင်းသွားထုတ်လားပြီး နေ့ချင်းသင်္ဂြိုဟ်လိုက်တယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။

ကိုရဲမင်းထွန်းရဲ့ အဆုတ်၊ အသည်း စတဲ့ အတွင်းကလီစာတွေ ပျက်စီးပြီး ဆုံးသွားပါတယ်ဆိုပြီး ရင်ခွဲရုံကပြောလိုက်တယ်လို့ မိခင်ဖြစ်သူက ပြန်ပြောပြပါတယ်။

“သားလေးက အကောင်းကြီးကနေ ဘယ်လိုဖြစ်လို့သေလဲလို့မေးကြည့်တော့ ဆရာဝန်တွေခွဲစိတ်ပြီးရောဂါရှာတာ အတွင်းကလီစာတွေမကောင်းတော့ဘူး။ အဆုတ်လည်းမကောင်းတော့ဘူး၊ အသည်းလည်းသေးသေးလေးပဲကျန်ပြီတဲ့၊ နှလုံးလဲမကောင်းဘူးတဲ့ အဲလိုပြောတယ်” လို့ မိခင်ဖြစ်သူက ပြောပါတယ်။

အလောင်းကို မိသားစုဝင်တွေ စစ်ဆေးကြည့်ရာမှာလည်း ပြင်ပဒဏ်ရာ ရထားတာတွေမတွေ့ရဘူးလို့ ဆိုပါတယ်။

ကိုရဲမင်းထွန်းမှာ မွေးချင်းမောင်နှမလေးဦးရှိပြီးတော့ သူကအငယ်ဆုံးသားဖြစ်ပါတယ်။ အစ်ကိုနဲ့ အစ်မတွေ တခြားမြို့မှာနေတာဖြစ်ပြီး သူကတော့ အသက် ၆၀ ကျော် မိဘနှစ်ပါးနဲ့အတူ ၈ မိုင်က ခြံမှာ ရာသီပေါ်သီးနှံတွေ စိုက်ပျိုးလုပ်ကိုင်စားသောက်တယ်လို့ ဆွေမျိုးတွေထံကနေ သိရပါတယ်။

အခုဆိုရင် ကော့သောင်းမှာ ကျဆုံးသူ ၉ ဦး‌ရှိနေပါပြီး။ မတ်လ ၂၇ ရက်က ငါးဦး၊ မတ်လ ၃၀ ရက်ကသုံးဦးနဲ့ ကိုရဲမင်းထွန်း တို့ ဖြစ်ပါတယ်။