ရေးမြို့နယ်အတွင်း KNU နှင့် စစ်တပ် တိုက်ပွဲဖြစ်

0
326

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ် KNU တပ်မဟာ ၆ နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း KNU နှင့် ဒေသခံတို့ထံမှ သိရသည်။

KNU တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် မာန်အောင်ကျေးရွာသည် မွန်ပြည်နယ် ရေးမြို့နယ်အတွင်း တည်ရှိသည်။

ယနေ့ ဧပြီလ ၆ ရက်နေ့ ည ၆ နာရီ ၄၀ မိနစ်အချိန်ခန့်ကစပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် ရွာသားတစ်ဦး ပေါင်တွင် ကျည်ထိမှန်ခဲ့ကြောင်း KNU တပ်မဟာ ၆ က ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားနေသည့်နေရာသည် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း နယ်စပ် မလွှဲတောင်နှင့်လည်း နီးသည်ဟု သိရသည်။

KNU ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်း စစ်တပ်မှ ဧပြီလ ၅ ရက်နေ့ကစပြီး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာသည်ဟု KNU တပ်မဟာ ၆ က ထုတ်ပြန်ထားသည်။

KNU တပ်မဟာ ၅ နယ်မြေအတွင်း၌လည်း KNU နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြောင့် ကရင်ဒေသခံ သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရသည်။