ကနက်သီရိရွာထိပ် တပ်လာစွဲပြီး‌နောက် ရွာသားတစ်ဆယ်နီးပါး အဖမ်းခံရ

0
190

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာတွင် စစ်တပ်ကတပ်စွဲပြီးနောက် ရွာသားတစ်ဆယ်နီးပါး အဖမ်းခံခဲ့ရကြောင်း ယင်းကျေးရွာသား အချို့ထံမှ သိရသည်။

တပ်သား အင်အား ၃၀ ခန့်မှာ ကနက်သီရိကျေးရွာထိပ် ၂၄ ဆူဘုရားကွင်းအတွင်း ဧပြီလ ၅ ရက် နေ့လယ် ၁၂ နာရီခန့်တွင် တပ်လာစွဲခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

ယင်းတပ်စွဲသည့်နေ့ ညအချိန်တွင် စစ်သားများရွာအတွင်း ဝင်လာပြီး ကျေးရွာသားများဖြစ်သော ဦးကြည်လွင်၊ ဦးဝင်းဇော်၊ ဒေါ်မီးညို၊ ဒေါ်ဖြူဝင်း၊ ‌ကိုသန်းကျော်ထွေး အပါအဝင် ဆယ်ဦးခန့်ကို ဖမ်းဆီးသွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

လမ်းဘေးတွင်ထိုင်နေရင်း၊ ဆိုင်ကယ်မောင်းနေရင်း အဖမ်းခံရသူများလည်းရှိသဖြင့် ဒေသအခံအချို့ကို စိုးရိမ်ပြီး တိမ်းရှောင်နေကြကြောင်း ရွာသူရွာသားများထံမှ သိရသည်။

ယနေ့နံနက်ပိုင်းအထိ မေးမြန်းချက်အရ တပ်စွဲထားသည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူအချို့ကို ပြန်လွှတ်ပေးမည်ဖြစ်ပြီး အချို့ကိုမူ သရက်ချောင်းမြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားမည်ဟု ကြားရကြောင်း ဒေသခံရွာသားတစ်ဦးကဆိုသည်။

ကနက်သီရိရွာသည် တပ်ကောင်စီကခန့်အပ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးကိစ္စနှင့်ပတ်သက်ပြီး စစ်တပ်နှင့် ရွာသားများ အနည်းဆုံးနှစ်ကြိမ်ခန့် တင်းမာမှုရှိခဲ့သည့်ရွာလည်းဖြစ်သည်။

ပုံစာ – တပ်စွဲထားသည့် ကနက်သီရိရွာထိပ်နှစ်ကျိပ်ရှစ်ဆူ ဘုရားဝင်း