ဆန်ဈေး အကျဘက်ဦးတည်

0
197

ထားဝယ်ဆန်ဈေးကွက်အတွင်း ရန်ကုန်ဆန် အမျိုးအစားအချို့ ဈေးအကျဘက်သို့ ဦးတည်နေကြောင်း ဆန်ဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိတွင် နွေစပါးပေါ်ချိန်ဖြစ်သည့်အတွက် ရန်ကုန်ဆန် အမျိုးအစားတစ်ခုဖြစ်သည့် ဇီယာအုပ်စု ဆန်တစ်မျိုးမှာ ၂၄ ပြည်တစ်အိတ်လျှင် ငွေကျပ်နှစ်ထောင်ခန့် ဈေးကျနေကြောင်း ဇရစ်ရပ်ကွက်ရှိ ဆန်အရောင်းဆိုင်ထံမှ သိရသည်။

ယခင်က ဇီယာဆန်တစ်အိတ်လျှင် သုံးသောင်းသုံးထောင်ကျပ်ခန့် ဈေးရှိရာမှ လက်ရှိတွင် သုံးသောင်းတစ်ထောင်ကျပ်ခန့်အထိ ဈေးကျသွားကြောင်း ယင်းဆန်ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက ဆိုသည်။

ဇီယာအုပ်စုဝင် အခြားဆန်များလည်း ၂၄ ပြည်တစ်အိတ်လျှင် ပျမ်းမျှ ငွေကျပ်နှစ်ထောင်ခန့် ဈေးကျနေသည်ဟု ဆိုသည်။

ထို့သို့ဈေးကျနေသော်လည်း ဆန်ဝယ်လိုအားမှာ နည်းပါးနေဆဲဖြစ်ကြေညင်း အထက်ပါ အမျိုးသားက ပြောသည်။

“အခုဆိုရင် အရင်တုန်းကလိုစုပြုံပြီးဝယ်တာမျိုး မရှိတော့ဘူး၊ ဆိုင်တောင် ပိတ်လိုက်ဖွင့်လိုက်လုပ်နေရတယ်၊ ရောင်းလည်း မကောင်းဘူး” ဟု ၎င်းက ဆိုသည်။

ရန်ကုန်ဆန်ဈေးကွက်တွင် ထားဝယ်ဈေးကွက်ထက် ဈေးပိုကျနေသော်လည်း သယ်ယူရသည့်ကားအခက်အခဲကြောင့် ဈေးကျသင့်သလောက် မကျသေးကြောင်း ယင်းအမျိုးသားက ပြောသည်။

လက်ရှိတွင် ထားဝယ်ဆန်ဈေးမှာလည်း တစ်အိတ်လျှင် ငွေကျပ်တစ်ထောင်ခန့် ဈေးကျနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ထိုသို့ ဆန်ဈေးကျနေသော်လည်း လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် ဆန်သယ်ယူပို့ဆောင်ရန် ကားအခက်အခဲရှိ နေသည့်အပြင် ရေကြောင်းမှ သယ်ယူပါက မိုးလေဝသအခြေအနေကြောင့် ဒေသတွင်းဆန်လိုအပ်ချက်ရှိလာနိုင်ကြောင်း ဆန်ကုန်သည်ကြီးများက သုံးသပ်ကြသည်။

လက်ရှိ ထားဝယ်ဒေသတွင် တစ်လလျှင် ပျမ်းမျှဆန်အိတ်ရေတစ်သိန်းဝန်းကျင် တင်သွင်းရန် လိုအပ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။