ရာသီဥတုကြောင့် မွန် ဆားကြမ်းထုတ်လုပ်မှု ရပ်

0
236

မိုးရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်းရှိ ဆားကြမ်းထုတ်လုပ်မှုလုပ်ငန်းများ ရပ်နားထားရသည်ဟု ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းရှင်တို့ထံမှ သိရသည်။

ဖေဖော်ဝါရီလအတွင်းနှင့် ယခုဧပြီလဆန်းပိုင်းတွင် ရွာသွန်းခဲ့သည့် မိုးကြောင့် ဆားကွင်းများပျက်စီးသွားပြီး ဆားဆက်လက်ထုတ်လုပ်ရန်လည်း ရာသီဥတု ပုံမှန်မဖြစ်သေးသည့်အတွက် ရပ်နားထားသည်ဟု သံဖြူဇရပ်မြို့နယ် ပငဆားကွင်းမှ ဆားလုပ်ငန်းရှင် နိုင်ဟုက ပြောသည်။

“ဆားကွင်းတွေအကုန်လုံးက ပျက်သွားပြီး ဆက်လုပ်ဖို့က ရာသီဥတုအခြေအနေကို စောင့်ကြည့်နေတယ်၊ နေပူလာတာကို စောင့်နေတယ်ပေါ့။ အခု ရာသီဥတုအခြေအနေနဲ့က ဘာမှ ဆက်မလုပ်ရဲသေးဘူး၊ ဆားထုတ်လုပ်မှုတွေ ရပ်ထားရတာပေါ့” ဟု ဆားလုပ်ငန်းရှင် နိုင်ဟုက ပြောသည်။

ယမန်နှစ်ဆားထုတ်လုပ်ရာသီတွင် ကိုဗစ်ကပ်ဘေးကြောင့် ဆားအရောင်းအဝယ်မရှိဘဲ ဆားစျေးထုတ်လုပ်မှုကုန်ကျစရိတ်အောက်အထိ ကျသွားသည့်အတွက် ဆားတောင်သူတို့ အခက်အခဲ တွေ့နေကြောင်း ဆားလုပ်ငန်းရှင်တို့က ပြောသည်။

ထိုကဲ့သို့သော အခက်အခဲများကြားက အရှုံးခံပြီး လုပ်ကိုင်နေကြရသည့်အနေအထား၌ ယခုအခါ ရာသီဥတုကပါ ဖျက်ဆီးသည့်အတွက် ဆားလုပ်ငန်းရှင်များ နာလန်မထူနိုင်အောင် ဖြစ်သွားနိုင်သည်ဟုလည်း ဆားလုပ်ငန်းရှင်တို့က ပြောသည်။

လက်ရှိတွင် ဆားကြမ်းစျေး တစ်ပိဿာ ၆၀ နှင့် ၅၀ ကျပ်အကြား ပေါက်စျေးရှိနေပြီး ယမန်နှစ်က ယခုအချိန် ဆားလုပ်ရာသီတွင် ဆားကြမ်းတစ်ပိဿာပေါက်စျေး ၂၀၀ ကျပ်ကျော်ရှိခဲ့သည်ဟု ဆားတောင်သူတို့က ပြောသည်။

“ဆားပေါက်စျေးက ထုတ်လုပ်မှုစရိတ်အောက်ကို ကျသွားတယ်၊ အခုက ရတဲ့စျေး ပေးတဲ့စျေးနဲ့ပဲ ထုတ်ရောင်းနေရတယ်” ဟု ဆားလုပ်ငန်းရှင် ဦးဝင်းထိန်က ပြောသည်။

ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ဆားကြမ်းတစ်ပိဿာထွက်ရှိရန် ကုန်ကျစရိတ်သည် ကျပ် ၆၀ အထက်ရှိပြီး ဆားကြမ်းတစ်ပိဿာ ၉၀/၁၀၀ ကျပ်စျေး ရရှိမှသာ အဆင်ပြေကြမည်ဟု ဆားလုပ်ငန်းရှင်တို့ထံမှ သိရသည်။

မွန်ပြည်နယ်တွင် ဆားလုပ်ငန်းကို ပုံမှန်အားဖြင့် မိုးအကုန် စက်တင်ဘာလလယ်ခန့်တွင် စတင်ပြင်ဆင်ကြသည်။ နိုဝင်ဘာလဆန်းတွင် ပင်လယ်ရေတင်ပြီး နေလှမ်းခြင်းကို စတင်လုပ်ကိုင်ကြကာ ဒီဇင်ဘာ၊ ဖေဖော်ဝါရီလတွင် ဆားကြမ်းစတင်ထုတ်လုပ်ကြသည်ဟု ပငဆားတောင်သူတို့၏ ပြောပြချက်အရ သိရသည်။

မွန်ပြည်နယ်တွင် သံဖြူဇရပ်မြို့နယ်ရှိ ပငရွာ၊ ကရုပ္ပိရွာ ကျိုက်ခမီမြို့နှင့် စက်စဲ ပေါင်မြို့နယ် ထန်းပင်ချောင်းရွာနှင့် ရေးမြို့နယ် ပလိုင်ကီးကျွေရွာတို့တွင် နေလှမ်းဆား တန်ချိန်သောင်းချီ ထုတ်လုပ်ရာဒေသဖြစ်သည်။