ထားဝယ်ရှိ ဆေးလိပ်ကုမ္ပဏီကို ဝင်စီး၊ နှစ်ဦးအဖမ်းခံရ

0
262

ထားဝယ်မြို့သစ် ၁၃ လမ်းရှိ ဆေးလိပ်ဖြန့်ချိရေးကုမ္ပဏီတစ်ခု၏ ထားဝယ်ရုံးခွဲတာဝန်ခံနှင့် ဝန်ထမ်းတစ်ဦးကို ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းက ရဲနှင့်စစ်သားများက ဖမ်းဆီးသွားကြောင်း မိသားစုဝင်ထံမှ သိရသည်။

မြို့သစ်အတွင်းရှိ Fuxing Brother Groups ကုမ္ပဏီ၏ ထားဝယ်ရုံးခွဲကို ရဲနှင့် စစ်သားများက ဝင်ရောက်ရှာဖွေပြီးနောက် အသက် ၃၀ ကျော်ရှိ ရုံးခွဲတာဝန်ခံနှင့် ကုမ္ပဏီဝန်ထမ်းတစ်ဦးတို့အား ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ရုံးခွဲတာဝန်ခံ၏ မိသားစုဝင်တစ်ဦးက Dawei Watch သို့ ပြောသည်။

“အခုထိ ဘယ်ကိုခေါ်သွားတယ်ဆိုတာ မသိရသေးဘူးရှင်” ဟု အဆိုပါ မိသားစုဝင်က ပြောသည်။

ဖမ်းဆီးခံရသည့် ရုံးတာဝန်ခံနှင့် ဝန်ထမ်းမှာ ၎င်းတို့၏ လစာမှ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) အတွက် ငွေကြေးလှူဒါန်းသည်ဟုဆိုကာ ဝင်ရောက်ဖမ်းဆီးသည်ဟု ကြားရကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ကုမ္ပဏီက Win ဆေးလိပ်၊ Global ဆေးလိပ် အစရှိသည့် ဆေးလိပ်များကို ဖြန့်ဖြူးနေခြင်းဖြစ်သည်။