မုန်တိုင်းငယ်ကြောင့် တနင်္သာရီတိုင်းတွင် ဧပြီ ၇ အထိ မိုးရွာနိုင်

0
137

မုန်တိုင်းငယ်၏အရှိန်ကြောင့် ဧပြီလ ၂ ရက်မှ ၇ ရက်အတွင်း တနင်္သာရီတိုင်းတွင်‌ နေရာအနှံ့အပြားတွင် မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလ ဗေဒ ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) ကြောင့် ထိုသို့ မိုးရွာနိုင်ပြီး မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပြင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးသက်လေပြင်းကျရောက်စဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၁၀ ပေမှ ၁၂ ပေခန့် ရှိနိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

မုန်တိုင်းငယ်အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများဖြစ်ပေါ်နိုင်သဖြင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များသင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန် အသိပေးနှိုးဆော်ထားသည်။

ယင်းအပြင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးကြီးခြင်းများဖြစ်ပေါ်နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။