၀န်ကြီးချုပ်ဦးမြင့်မောင်အမှု ခြောက်လအပြီး စစ်ဆေးမည်

0
143

စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးတရားစွဲခံထားရသည့် ဝန်ကြီးချုပ် ဦးမြင့်မောင်အမှုကို ခြောက်လအတွင်း အပြီးစစ်ဆေးရန် ဆုံးဖြတ်ခဲ့ကြောင်း အမှုလိုက်ပါကူညီနေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ပြောကြားသည်။

ဦးမြင့်မောင်အား ပုဒ်မ- ၅၀၅(ခ)ဖြင့် ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲဆိုထားပြီး ဧပြီလ ၁ ရက်နေ့ရုံးချိန်းကို ထားဝယ်ထောင်အတွင်းရှိ ယာယီတရားရုံးတွင် စစ်ဆေးခဲ့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ရုံးချိန်းတွင် မှုခင်းစီမဲခန့်ခွဲမှုအစီအစဉ် (CMP) အစည်းအဝေးလုပ်ပြီးနောက် အမှုအား ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးစီရင်ရန် ဆုံးဖြတ်ကြကြောင်း ဦးအောင်ဇာနည်စိုးက ပြောသည်။

မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ဆိုသည်မှာ အမှုများကို မြန်ဆန်စွာ စစ်ဆေးနိုင်ရန် အမှုဖြစ်သည့်နှစ်ဦးနှစ်ဖက်ကို စစ်ဆေးမည့် ရက်အားကြိုတင်ညှိနှိုင်း ချိန်းဆိုခြင်းဖြစ်ပြီး အမှုများကို အချိန်ကြန့်ကြာခြင်းမရှိဘဲ ဆုံးဖြတ်ချက်အမိန့်ချနိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး တရာလွှတ်တော်ရုံးက ထုတ်ပြန်ထားသည်။

“သာမန်ရိုးရှင်းတဲ့အမှုအဖြစ် သတ်မှတ်ပြီးတော့ ရက်ပေါင်း ၁၈၀ (ခြောက်လ)အတွင်း အပြီးစစ်ဆေးဖို့ အစည်းအဝေးမှာ ဆုံးဖြတ်တယ်ပေါ့” ဟု ဦးအောင်ဇာနည်စိုးက ပြောသည်။

ဦးမြင့်မောင်အား ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုလုပ် တရားစွဲဆိုခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

နောက်ရုံးချိန်းကို ဧပြီလ ၇ ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားကြောင်း ဦးအောင်ဇာနည်စိုးက ပြောသည်။

လက်ရှိနိုင်ငံရေးအမှုများအား တရားစွဲတင်သည့်ရုံးချိန်းမှလွဲ၍ အမှုစစ်ဆေးခြင်းကို ထားဝယ်ထောင်အတွင်း ယာယီတရားရုံးတွင်သာ ကြားနာမည်ဟု ကြားသိရကြောင်း ၎င်းက ဆိုသည်။

တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့နံနက်စောစောတွင် ဦးမြင့်မောင်အား ဖမ်းဆီးခဲ့ပြီးနောက် ရက်အနည်းငယ် အကြာတွင် နေအိမ်အကျယ်ချုပ်ဖြင့် ဝန်ကြီးများအိမ်ရာသို့ ပြန်ပို့ခဲ့သည်။

ထိုနောက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ယင်းနောက် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ရာဇသတ်ကြီးပုဒ်မ-၅၀၅ (ခ) ဖြင့် ထားဝယ်မြို့မရဲစခန်းတွင် အမှုခဲ့ကြောင်း သိရသည်။