ဖိုးတိုးရဲ့ ငါးမိနစ် ခရီး

0
245

နှစ်ထပ်တိုက်အိမ်တစ်လုံးရဲ့ အပေါက်ဝမှာ မျက်ရည်စတွေနဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက်။ လက်ထဲမှာတော့ ဘောင်ခတ်ထားတဲ့ မောင်ကျော်မင်းလတ် ဓာတ်ပုံတစ်ပုံကိုင်ဆောင်ထားပါတယ်။

သူ့ချစ်သူကောင်လေးရဲ့ဓာတ်ပုံကို ထွေးပွေ့ပြီး နောက်ဆုံးခရီးကိုလိုက်ပါပို့ဆောင်ဖို့ အဆင်သင့်စောင့်နေတာ ဖြစ်ပါတယ်။

အိမ်ခေါ် ဖိုးတိုး လို့ အမည်ရတဲ့ မောင်ကျော်မင်းလတ်ဟာ မတ်လ ၂၇ ရက်က သူငယ်ချင်းသုံးယောက်နဲ့အတူ ဆိုင်ကယ်စီးသွားနေရင်း အာဇာနည်လမ်းပေါ်မှာ စစ်တပ်ကားနဲ့တိုးပြီး အပစ်ခံလိုက်ရလို့ ကျဆုံးသွားရတာဖြစ်ပါတယ်။
ဖိုးတိုးဟာ အလူမီနီယံ လုပ်ငန်းတစ်ခုမှာ အလုပ်သမားတစ်ယောက်ပါ။ ရှစ်တန်းကတည်းက ကျောင်းထွက်ပြီး မိသားစုကို လုပ်ကျွေးနေတယ်လို့ ဆိုပါတယ်။

“ခဏလေးပဲအမေ” လို့ ပြောသွားတာလို့ မောင်ကျော်မင်းလတ်ရဲ့ မိခင်က ဆိုပါတယ်။

ထားဝယ်မြို့ အာဇာနည် လမ်းပေါ်မှာ စုစုပေါင်း သူငယ်ချင်း သုံးဦး ဆိုင်ကယ် စီးလာရာမှာ စစ်တပ်နဲ့ ရဲက ပစ်ကတ်ကားပေါ်ကနေ သေနတ်နဲ့ ပစ်ခဲ့တာပါ။ အလယ်မှာ ထိုင်လာတဲ့ ဖိုးတိုးက သေနတ်ဒဏ်ရာနဲ့ ကျန်ခဲ့ပြီး အခြား သူငယ်ချင်း နှစ်ဦးက လွတ်သွားပါတယ်။ ထွက်ပြေးသွားတဲ့ သူငယ်ချင်းနှစ်ဦးကို လိုက်ပစ်နေတာကိုလည်း CCTV မှတ်တမ်းမှာ တွေ့ရပါတယ်။ အဲဒီ CCTV မှတ်တမ်းကို ကမ္ဘာကျော် သတင်းမီဒီယာတွေကပါ သီးခြား ထုတ်လွှင့်ပြောဆိုရတဲ့ အထိ ပျံ့ နှံ့သွားခဲ့ပါတယ်။

သားဖြစ်သူ သေနတ်အပစ်ခံလိုက်ရပြီဆိုတဲ့သတင်းကြားလို့ သူတို့လင်မယားနှစ်ယောက် ဆိုင်ကယ်တစ်စီးနဲ့ မြို့ပတ်လိုက်ရှာခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆုံးရှာမတွေ့လို့ စစ်တပ်ဆေးရုံကို သွားမေးကြည့်မှ သားဖြစ်ကိုတွေ့ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

သေနတ်နဲ့ အပစ်ခံလိုက်ရတာတောင်မှ ဆေးရုံမှာ အသက်ရှင်လျက်တွေ့တာဆိုတော့ သူတို့လင်မယား ဝမ်းသာနေပါသေးတယ်။

“အသက်ရှင်သွားလိမ့်မယ်လို့ထင်နေတာ” လို့ မိခင်ဖြစ်သူကဆိုပါတယ်။

ဒါပေမဲ့ မတ်လ ၃၀ ရက်နေ့မှာတော့ ဖိုးတိုးဟာ အားလုံးကို ခွဲသွားခဲ့ပါပြီ။ ထားဝယ် တပ်ဆေးရုံကတော့ ဖိုးတိုးဟာ ဆိုင်ကယ်ပေါ်က ပြုတ်ကျပြီး ဦးခေါင်းထိ ဒဏ်ရာနဲ့ ဆုံးတယ်လို့ သေဆုံးကြောင်း ဆေးမှတ်တမ်းမှာ ဖော်ပြပါခဲ့ပါတယ်။

ဧပြီလရဲ့ပထမဆုံးနေ့မှာတော့ ဖိုးတိုးရဲ့ နောက်ဆုံး ခရီးကို လိုက်ပို့ဖို့ လူရာချီ စောင့်နေကြပါပြီ။

နှစ်ထပ်အိမ်ရဲ့ အောက်ထပ်ဧည့်ခန်းတစ်နေရာမှာတော့ မောင်ကျော်မင်းလတ်ရဲ့ အလောင်းထည့်ထားတဲ့ အသုဘအခေါင်းကို ခွပ်ဒေါင်းပုံပါ အနီရောင်အလံတစ််ခုနဲ့ဖုံးလွှမ်းခြုံထားပါတယ်။

အဲဒီအလောင်းပြင်ထားတဲ့နေရာဟာ မောင်ကျော်မင်းလတ်နေ့စဉ် အိပ်နေတဲ့နေရာဖြစ်တယ်လို့ မိခင်ဖြစ်သူက ပြောပြပါတယ်။

“ဒီနေရာလေးကသူအိပ်တဲ့နေရာလေးပဲ။ ခြင်ထောင်လေးနဲ့သာအိပ်တယ်” လို့ သားဖြစ်သူရဲ့အခေါင်းပြင်ထားတဲ့ ဘက်မျက်နှာမူပြီး ရှင်းပြပါတယ်။

နောင်ဆုံးအလောင်းကိုမီးသင်္ဂြိုဟ်စက်ထဲထည့်သွင်းလိုက်တဲ့အချိန်မှာ သူ့ချစ်သူကောင်မလေးနဲ့ သူ့သူငယ်ချင်းတစ်စုရဲ့ အော်ငိုသံတွေက အသုဘလိုက်ပို့သူတွေကို မျက်ရည်ဝဲစေခဲ့ပါတယ်။

မိသားစုကို အလူမီနီယံအလုပ်နဲ့ရှာဖွေကျွေးမွေးနေတဲ့ မောင်ကျော်မင်းလတ်ကို ဇဟာသုဿန် လောင်တိုက်အမှတ် ၃ မှာ မီးသင်္ဂြိုဟ်လိုက်ပါတယ်။

“ကံလို့ပဲသတ်မှတ်လိုက်ရတာပေါ့လေ” လို့ မောင်ကျော်မင်းလတ်ရဲ့မိခင်က ရေရွတ်လိုက်ပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း ပစ်ခတ်ခံရလို့ တစ်နိုင်ငံလုံးမှာ အရပ်သားစုစုပေါင်း ၅၃၀ ကျော် ရှိပါတယ်။ ထားဝယ်မှာ ဆိုရင် စုစုပေါင်း ရှစ်ဦး ရှိပါပြီ။ ဖိုးတိုးဟာ ထားဝယ်မှာ ကျဆုံးသွားသူတွေထဲမှာ အသက် အငယ်ဆုံးပါ။ အခုတော့ မြန်မာ့ ဒီမိုကရေစီခရီးရှည်ကြီးနဲ့ အတူ ဖိုးတိုးလည်း ငါးမိနစ် ခရီးထွက်ခွာသွားပြီ ဖြစ်ပါတယ်။

မတ်လ ၂၇ ရက်နေ့ မနက်ပိုင်း အိမ်က မထွက်ခင် သူ့အမေကို ဖိုးတိုးပြောသွားခဲ့တဲ့ စကားတစ်ခွန်းကို သူ့အမေက ပြန်ပြောင်းပြောပြပါတယ်။

“သူငယ်ချင်းတွေလာခေါ်နေလို့ ငါးမိနစ်ပဲကြာမယ်တဲ့”