မွန် နေရာအချို့တို့တွင် သောက်သုံးရေ အခက်အခဲ စကြုံ

0
251

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် သောက်သုံးရေအခက်အခဲ စတင်ကြုံတွေ့နေရပြီဖြစ်ကြောင်း ဒေသခံနှင့် ရေပေးဝေ လှူဒါန်းနေသူအချို့တို့ ထံမှ သိရသည်။

မတ်လဆန်းပိုင်းခန့်မှစပြီး မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ပေါင်း၊ ဘီးလင်း အစရှိသည့် မြို့နယ်တို့တွင် သောက်သုံးရေ အခက်အခဲ စတင်ကြုံတွေ့လာရပြီး အချို့မှာ ရေ ဝယ်သုံးနေရသည်ဟု ဒေသခံတို့က ပြောသည်။

မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်အများစုကို အဓိက ရေဖြန့်ဝေပေးနေသည့် ရွှေနတ်တောင်ဆည်နှင့် ကင်းမွန်းခြုံဆည်တို့တွင် ရေများ ခမ်းခြောက်လာသည့်အတွက် ရပ်ကွက်အချို့တို့တွင် ရေစတင်ပြတ်လပ်နေသည်ဟု ရပ်ကွက်နေသူတို့က ပြောသည်။

“ရေဝယ်နေရပြန်ပြီး၊ ခါတိုင်းနှစ်လည်း ဝယ်ရတယ်။ ဒါပေမယ့် ဒီနှစ်က နဲနဲဝယ်ရတာ စောတယ်၊ ဆည်တွေမှာလည်း ရေတော်တော်ကျသွားတယ်” ဟု မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ရာသီဥတု ပူပြင်းသည့်အတွက် ဆည်ရေများအပြင် ရေတွင်း၊ ရေကန်များလည်း ခမ်းခြောက်လာကြောင်း ယခုနှစ်သည် ယမန်နှစ်ကထက် အချိန်စောပြီး ခမ်းခြောက်မှုဖြစ်နေကြောင်း ဒေသခံတို့က ပြောသည်။

“ရာသီဥတု တအားပူလာတော့ ရေတွင်းကရေတွေလည်း စခမ်းနေပြီး၊ တန်ခူးလတောင်မရောက်သေးဘူး၊ ခုကတည်းက ရေက ခမ်းနေပြီးဆိုရင် ဒီနှစ်လည်း ရေ ဒုက္ခရောက်ဦးမယ်” ဟု မုဒုံမြို့နယ်မှ ဒေါ်ခင်ရီက ပြောသည်။

ယမန်နှစ်များက သောက်သုံးရေ ရှားပါးသည့် ရပ်ကွက် ကျေးရွာများသို့ ကျေးလက်ဦးစီးဌာန၊ သက်ဆိုင်ရာ မြို့နယ် မီးသတ်တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့များ လူမှုအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် ဒေသခံအလှူရှင်တို့က ရေပေးဝေလှူဒါန်းမှုရှိခဲ့သော်လည်း ယခုနှစ်တွင် လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေကြောင့် ရေပေးဝေလှူဒါန်းမှုမရှိမည်ကိုလည်း ဒေသခံတို့က စိုးရိမ်နေကြသည်။

မွန်ပြည်နယ်ရှိ မြို့နယ်အချို့တို့တွင် နွေရာသီကာလအတွင်း ရေရှားပါးမှု နှစ်စဉ်နှစ်တိုင်း ကြုံတွေ့ရလေ့ရှိပြီး ယမန်နှစ်မှစကာ မြို့နယ်အားလုံးနီးပါးတို့တွင် ရေရှားပါးမှု ဆိုးဆိုးရွားရွား ကြုံတွေ့လာခဲ့ရသည်။

ပြည်နယ်အတွင်းက ရေရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ရေး ပြည်နယ်အစိုးရက ဘတ်ဂျတ်သိန်းပေါင်းများစွာ ကုန်ကျခံ ဆောင်ရွက်နေသော်လည်း ရေရှားမှုပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိသေးပေ။