ထားဝယ် CCTV မှတ်တမ်းမှ လူငယ်သေဆုံးဒဏ်ရာ တစ်လက်မခန့် နက်ဟုဆို

0
502

ထားဝယ်တွင် လူငယ် သုံးဦး ဆိုင်ကယ် စီးလာစဉ် အပစ်ခံရပြီး သေဆုံးသွားခဲ့သော ကိုကျော်မင်းလတ်၏ ဒဏ်ရာမှာ တစ်လက်မခန့် နက်ကြောင်း မိသားစုဝင်တစ်ဦးက ပြောကြားသည်။

မတ်လ ၂၇ ရက်နေ့က ဆိုင်ကယ်စီးသွားနေချိန် ရဲနှင့် စစ်တပ်က ကားပေါ်မှ ပစ်ခတ်နေချိန်တွင် ဆိုင်ကယ် လဲကျသွားခဲ့ပြီး ကိုကျော်မင်းလတ်မှာ ဒဏ်ရာဖြင့် လဲကျ ကျန်ရစ်ကာ ကျန်နှစ်ဦးမှာ ထွက်ပြေးသွားခဲ့သည်။

ကိုကျော်မင်းလတ်မှာ ကနဦးတွင် ဆိုင်ကယ်၏ ဘယ်ဘက်ကို လဲကျမလို ဖြစ်ခဲ့သော်လည်း ဆိုင်ကယ်လဲသည့် ညဘက်သို့ ပြန်လဲကျသွားခဲ့ကြောင်း CCTV မှတ်တမ်းတွင် တွေ့ရသည်။

ယင်းနောက် ဒဏ်ရာရသည့် ကိုကျော်မင်းလတ် ခေါ် ကိုဖိုးတိုးအား ကားပေါ်သို့ တင်ဆောင်သွားသည်ကို တွေ့ရသည်။

ယင်းအဖြစ်အပျက်ကို မှတ်တမ်းတင်ထားနိုင်သော CCTV ရုပ်သံမှာ အများပြည်သူအကြား ပျံ့နှံ့သွားခဲ့သည်။

ဒဏ်ရာရသည့် အသက် ၁၇ နှစ်အရွယ်ရှိ ကိုကျော်မင်းလတ်အား တပ်မတော်ဆေးရုံတွင် ဆေးကုသနေရာမှ ယနေ့နံနက် ၁၁ နာရီခန့်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

တပ်မတော်ဆေးရုံက မိသားစုဝင်များအားပေးလိုက်သည့် သေဆုံးကြောင်းလက်မှတ်တွင် ‘ဆိုင်ကယ်ပေါ်မှပြုတ်ကျ၍ ကနဦး ဦးခေါင်းပြင်းထန်စွာဒဏ်ရာရရှိခြင်း’ ဟု ဖော်ပြထားသည်။

ကိုကျော်မင်းလတ်၏ မိသားစုဝင်တစ်ဦးကမူ ဒဏ်ရာအနေအထားမှာ အနက် တစ်လက်မခန့်ရှိသည်ကိုမြင်တွေ့ရပြီး ဆိုက်ကယ်မှ ပြုတ်ကျဒဏ်ရာရရှိခြင်းဟု ဖော်ပြထားချက်အပေါ် တစ်စုံတစ်ရာ မပြောလိုတော့ဟု တုံ့ပြန်သည်။

ထိုဒဏ်ရာအား မသေဆုံးမီတစ်ရက်အလိုတွင်မှ ချုပ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ကိုကျော်မင်းလတ်၏ ရုပ်အလောင်းအား ကြာသပတေးနေ့ နေ့လည်တွင် ဇဟာသုသန်၌ သဂြိုဟ်မည်ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ပိန္နဲတောရပ်ကွက် သုခလမ်းသွယ်တွင် နေထိုင်သည့် ကိုကျော်မင်းလတ်တွင် ညီအစ်ကို ၅ ဦးရှိပြီး ၎င်းက တတိယမြောက်သားဖြစ်သည်။

သားဖြစ်သူမှာ ဆန္ဒပြပွဲနှင့် သက်ဆိုင်ခြင်းမရှိဘဲ သူငယ်ချင်းများနှင့် သွားလာရာမှ ထားဝယ်မြို့ အထက ၃ အနီးတွင် ဆိုင်ကယ်စီးရင်း ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူက ပြောဆိုထားသည်။