ကော့သောင်း ပစ်ခတ်မှု ဆက်ဖြစ်၊ ထိခိုက်ကျဆုံးမှု ရှိ

0
552

မြန်မာနိုင်ငံ တောင်ဘက်စွန်း ကော့သောင်းမြို့တွင် မတ် ၃၀ ရက်နေ့တွင် ဆန္ဒပြရန် လူစုစည်းသည့် နံနက် ၁၀ နာရီကျော်မှစ၍ ယခုညနေပိုင်းအထိ ပစ်ခတ်မှုများရှိနေဆဲဖြစ်ပြီး ထိခိုက်ကျဆုံးမှုလည်း ရှိနေကြောင်း မြို့ခံအချို့ထံမှ သိရသည်။

ရွှေဇင်ယော်ရပ်ကွက်၊ အေးရိပ်ငြိမ်၊ ရွှေပြည်သာရပ်ကွက်တို့တွင် ခံတပ်များကို စစ်တပ်နှင့်ရဲတို့က လိုက်လံဖျက်ဆီးရာတွင် ထိုသို့ ပစ်ခတ်မှုဖြစ်ပွားနေခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။

“အခြေအနေတော်တော်ဆိုးနေတယ်။ မြို့ထဲမှာက စစ်တပ်တွေက နေရာလွတ်မကျန်အောင်ကို ကင်းတွေချထားတယ်။ လူထုအုံကြွလို့မရအောင်ဆိုပြီး” ဟု မြို့ခံတစ်ဦးက ဆိုသည်။

ယင်းသို့ ပစ်ခတ်မှုကြောင့် အသက် ၂၂ ဝန်းကျင် လူငယ်တစ်ဦးနှင့် အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦး ကျဆုံးသွားကြောင်း မြို့ခံအချို့ကပြောဆိုသည်။ သေဆုံးသူများ၏ အမည်၊ ကိုယ်ရေးများကို ထပ်မံစုံစမ်းနေဆဲ ဖြစ်သည်။

ယင်းအပြင် ထိခိုက်ဒဏ်ရာ ရထားသူ လေးဦးထက်မနည်း ရှိနေကြောင်းလည်း မြို့ခံအချို့ကဆိုသည်။

ကော့သောင်းမြို့တွင် မတ်လ ၂၇ ရက်နေ့ ပစ်ခတ်မှုကြောင့် ငါးဦး သေဆုံးခဲ့ရပြီး ဖြစ်သည်။