ထားဝယ် သီတဂူ ကိုဗစ် စင်တာ အလှူရှင် ခက်ခဲ

0
320

ကိုဗစ်လူနာများကို ထားရှိကုသပေးနေသော ထားဝယ်မြို့ရှိ သီတဂူဆေးရုံ ကိုဗစ်စင်တာတွင် အလှူရှင် မရှိတော့ သဖြင့် အခက်အခဲ ကြုံနေရကြောင်း စင်တာ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ကိုဗစ်လူနာများကို ယခင်အစိုးရလက်ထက်တည်းက အလှူရှင်များ၏ ရန်ပုံငွေဖြင့် ချက်ပြုတ်ကျွေးမွေးခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် အလှူရှင်များမရှိခြင်းနှင့် ချက်ပြုတ်ရန်၊ ပို့ဆောင်ပေးရန် ခက်ခဲခြင်းတို့ကြောင့် လူနာများကို ထမင်းမကျွေးနိုင်တော့ကြောင်း ၎င်းက ပြောကြားသည်။

“(ထမင်းဟင်း) ချက်သမားလည်း မနက် ၆ နာရီစားဖို့ သောက်ဖို့အတွက်ကို အနည်းဆုံး မနက် ၄ နာရီလောက်တည်းက ထွက်လာရတယ်။ ပို့ပေးတဲ့သူတွေလည်း ဒီတိုင်းပဲ။ အားလုံးက စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ဖြစ်နေကြတာပေါ့နော်။ တို့ဆီမှာက ပိုက်ဆံက မရှိဘူး၊ အလှူရှင်တွေရှိနေတုန်းကသာ လှူနေတာ၊ အခုက အလှူရှင်လည်း မရှိတော့ဘူး၊ ပိုက်ဆံလည်း မရှိတော့ဘူး” ဟု တာဝန်ရှိသူက ဆိုသည်။

ကိုဗစ်လူနာများကို ထမင်းကျွေးရန် ရန်ပုံငွေမရှိတော့သဖြင့် တစ်ရက် သုံးနပ်စလုံးအတွက် ထမင်းဟင်းနှင့် သောက်ရေ၊ စားသောက်ဖွယ်ရာများကို မတ်လ ၂၂ မှ စတင်ကာ လူနာရှင်များကိုယ်တိုင် ပို့ပေးနေရသည်ဟု စင်တာတွင် တက်ရောက်နေသော ကိုဗစ်လူနာ အမျိုးသား တစ်ဦးက ပြောကြားသည်။

ထားဝယ်တွင် မတ်လ ၂၇ ရက်က လမ်းသွားလမ်းလာများကိုပါ ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေသဖြင့် ထမင်းလာပို့နေရသည့် အိမ်သားများအတွက် ကိုဗစ်လူနာများက များစွာစိုးရိမ်နေကြသည်ဟု ၎င်းက ဆိုသည်။

“အဓိကတော့ ထားဝယ်မြို့တွင်းမှာ နေသူတွေက တော်သေးတယ်ဆိုပေမယ့် နယ်ဝေးတွေကျတော့ ဗိုက်ဆာတယ်ဆိုပြီး ညည်းနေတာတွေ့ရတော့ စိတ်မကောင်းဘူးပေါ့”ဟု သူက ပြောသည်။

မတ်လ ၂၇ ရက်နေ့က ထားဝယ်တွင် လမ်းသွားလမ်းလာများကိုပါ ပစ်ခတ်ဖမ်းဆီး သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သဖြင့် ထားဝယ်တွင် အမျိုးသားနှစ်ဦးသေဆုံးပြီး ကော့သောင်းတွင် ငါးဦး၊ မြိတ်တွင် တစ်ဦးသေဆုံးခဲ့သည်။

ထိုသို့သော မတည်ငြိမ်မှုများကြောင့် အချို့ရက်များတွင် မနက်ပိုင်း ထမင်းဟင်းလာပို့ပြီးပါက ညနေစာကို တစ်ဦးနှင့် တစ်ဦး အစားအစာများကို ခွဲဝေစားသောက်ခြင်း၊ အသင့်စား ခေါက်ဆွဲပြုတ်စားခြင်း၊ လက်ဖက်ရည်၊ မုန့် စသည်တို့ဖြင့် နှစ်ပါးသွားနေရသည်ဟု ၎င်းက ပြောသည်။

ကိုဗစ်စင်တာတွင်လည်း လူနာကြည့်ပေးသည့် ပင်တိုင် ဆရာ တစ်ဦးနှင့် စေတနာ့ဝန်ထမ်းအနည်းငယ်ရှိပြီး တပ်ဆရာဝန်နှစ်ဦးကမူ တစ်ရက်ခြားလာရောက်ကြည့်ရှုပေးသည်ဟု အထက်ပါအမျိုးသားက ဆိုသည်။

အသက်ရှူကြပ်သည့်လူနာများကို ကိုဗစ်လူနာအချင်းချင်းကသာ ဖေးမကူညီလုပ်ကိုင်ပေးရပြီး စေတနာ့ဝန်ထမ်းနှင့် ဆရာမှာ အရေးပေါ်အခြေနေနှင့် အောက်စီဂျင်ပေးရသည့်အခါများမှသာ PPE ဝတ်စုံဖြင့် ဝင်ရောက်ကူညီလုပ်ကိုင်ပေးသည်ဟု ဆိုသည်။

သီတဂူအာရောဂျဒါနဆေးရုံတော်တွင် ကိုဗစ်လူနာ ၅၀ ခန့်ရှိပြီး ကိုဗစ်လူနာအသစ်များတွင် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများလည်းပါဝင်သည်။