မြိတ်တွင် တစ်ရက်နီးပါး အဆက်အသွယ်မရသူ အလောင်းပြန်ရ

0
307
Dawei Watch, Dawei News, Dawei News Media

မြိတ်မြို့တွင် မတ်လ ၂၇ ရက်နေ့ ညနေကတည်းက အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူ တစ်ဦး အလောင်းပြန်ရခဲ့ကြောင်း ရပ်ကွက်သားများ ထံမှ သိရသည်။

အလောင်းပြန်ရသည့် သေဆုံးသူမှာ အသက် ၂၇ နှစ် အရွယ်ရှိ ကိုဘာဘူ (ခေါ်) ကိုထင်လင်းထိုက် ဖြစ်ပြီး မြိတ်မြို့၊ မကန်တောင်ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။

မတ်လ ၂၇ ရက်ညနေက သရက်သီးသွားခူးမည်ဟုပြောဆိုကာ အဖော်တစ်ဉီးနှင့်အတူ ဆိုင်ကယ်ဖြင့် ထွက်သွားစဉ် ဖုန်းအဆက်အသွယ် မရတော့ဘဲ မတ်လ ၂၈ ရက် မွန်းတည့်အချိန်ရောက်မှ အလောင်းလာယူရန် ရဲစခန်းမှ အကြောင်းကြားလာသည်ဟု ၎င်း၏ဆွေမျိုးတော်စပ်သူ များကပြောသည်။

၎င်းနှင့်အတူသွားခဲ့သည့် အဖော်သည်လည်း လက်ရှိအချိန်အထိ ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

သေဆုံးသူတွင် ဇနီးနှင့်သမီးတစ်ဉီး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

“ဒီနေ့နေ့လယ်ကပဲ အသုဘပို့လိုက်ပါပြီ။ ဘယ်လိုဒဏ်ရာတွေ ရခဲ့တယ်ဆိုတာကိုတော့ ကျွန်တော်တို့လည်း သေချာမသိခဲ့ဘူး”ဟု ယင်းရပ်ကွက်နေသူ အမျိုးသားတစ်ဉီး ကပြောသည်။

မတ်လ ၂၇ ရက်နေ့က ရပ်ကွက်အလိုက် လမ်းဆုံလမ်းခွများတွင် တာယာမီးရှို့ခြင်း၊ ဆိုင်ကယ်ဖြင့် လမ်းပေါ်တွင် လူအချို့ အော်ဟစ်ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ကြပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှလည်း လိုက်လံပစ်ခတ် နှိမ်နင်းလျက်ရှိခဲ့သည်။