ထားဝယ် ကြက်စားပြင်တွင် ကျဆုံးသွားသူအား နာရေးအခမ်းအနားမဲ့ သင်္ဂြိုဟ်

0
394

မတ်လ ၂၅ ရက် မနက်ပိုင်းက သေနတ်ဖြင့် အပစ်ခံရခြင်းကြောင့် ကျဆုံးသွားသည့် ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်မှ အသက် ၃၆ နှစ်အရွယ် ဦးကျော်သူ၏ ရုပ်အလောင်းကို ယနေ့ မတ်လ ၂၈ ရက်မှာ သဂြိုလ်ခဲ့သည်။

ဦးကျော်သူသည် ဧရာဝတီတိုင်းဘက်ကနေ ထားဝယ်တွင် လာရောက်အခြေချပြီး ကုန်တင်ကုန်ချအလုပ်ကို လုပ်ကိုင်နေသူ ဖြစ်သည်။

ဦးကျော်သူသည် သေနတ်အပစ်ခံရသည့်နေ့ မနက်ပိုင်းအလုပ်သွားရန် ထွက်သွားပြီး မကြာမီ ကြက်စားပြင်ရပ်ကွက်တွင် ပစ်ခတ်မှုများ ဖြစ်ပွားနေစဉ် သေနတ်မှန်ခဲ့ခြင်း ဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်စန်းစန်းထွေးကပြောသည်။

ထိုသို့ ပစ်ခတ်နေစဉ် ရပ်ကွက်အတွင်းမှ လူအချို့မှာ လယ်ကွင်း အတွင်း ထွက်ပြေးကြကြောင်း ကာယကံရှင် အချို့ထံမှ သိရသည်။ ဦးကျော်သူမှာ ထိုသို့ လယ်ကွင်းအတွင်း ထွက်ပြေးစဉ် အပစ်ခံရခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းကြသည်။

ဦးကျော်သူ မည်သည့် အချိန်တွင် မည်သို့သော ဒဏ်ရာဖြင့် သေဆုံးသွားသည်ကို မသိရပေ။

အပစ်ခံရသည့်ဦးကျော်သူအား သယ်ဆောင်သွားပြီးနောက် လောင်းလာထုတ်ရန် မတ် ၂၇ ရက်နေ့က အကြောင်းကြားလာသဖြင့် အလောင်းကို စစ်တပ်ဆေးရုံမှာသွားထုတ်လာပြီး ဇဟာသုသာန်ကို တိုက်ရိုက်သယ်သွားပြီး သင်္ဂြိုဟ်လိုက်ခြင်းဖြစ်သည်။

“ကျွန်မတို့ကိုအလောင်းလာထုတ်ပါလို့ မနေ့က( မတ်လ ၂၇ ရက်) ကမှ အကြောင်းကြားတာ” ဟု ဒေါ်စန်းစန်းထွေးကဆိုသည်။

ဖြစ်စဉ် ဖြစ်ပွားသည့် နေ့မှ စ၍ ဦးကျော်သူ သေဆုံးမှုကို Dawei Watch က အတည်ပြုနိုင်ရန် ကြိုးစားသော်လည်း မိသားစုဝင်များကို ဆက်သွယ်နိုင်ခြင်း မရှိသဖြင့် ဖြစ်စဉ်ဖြစ်ပွားပြီး သုံးရက်အကြာမှ အတည်ပြုနိုင်ခြင်း ဖြစ်သည်။

၎င်းတို့မိသားစုမှာ ကြက်စားပြင်ရပ်ကွက် ဇာတိမဟုတ်ကြသဖြင့် အလောင်းကိုနေအိမ်သို့ယူလာပြီး အသုဘအခမ်းအနားလုပ်ရန် အခက်တွေ့ခြင်း၊ အလောင်းလာထုတ်ရန် အကြောင်းကြားချိန် နောက်ကျခြင်း တို့ကြောင့် အသုဘအခမ်းအနားပင်မလုပ်ဘဲ သင်္ဂြိုဟ်လိုက်ရခြင်းဖြစ်ကြောင်း ဒေါ်စန်းစန်းထွေးကဆိုသည်။

ဦးကျော်သူရုပ်အလောင်းအား ဇဟာသုဿန်သို့ပို့ဆောင်စဉ်ပင် သုံးဘီးဆိုင်ကယ်တစ်စီးနှင့် လူခုနစ်ဦးခန့်သာ လိုက်ပါပို့ဆောင်နိုင်ခဲ့ကြောင်း ၎င်းကရင်ဖွင့်သည်။ ၎င်းတို့ မိသားစုတွင် သားသမီး တစ်ဦးမျှ မရှိသေးပေ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်ခရိုင်တွင် အတည်ပြုနိုင်သော သေဆုံးသူ စုစုပေါင်း ၇ ဦး ရှိပြီဖြစ်သည်။

ဓာတ်ပုံ – ကြက်စားပြင်ရပ်ကွက်အတွင်း တွေ့ရသော သပိတ် စစ်ကြောင်းတစ်ခု။