မြိတ်မြို့မှ အဖမ်းဆီးခံ အလှကုန်ရောင်းသည့် အမျိုးသမီး ရှေ့နေ ရှာမရ

0
474

ထိုင်းနိုင်ငံကအလှကုန်ပစ္စည်းများကို အွန်လိုင်းမှ တစ်ဆင့် ပြည်တွင်းတွင် ဖြန့်ဖြူးရောင်းချနေသည့် မြိတ်မြို့မှ ဒေါ်မို့မို့အောင်အား ဖမ်းဆီးတရားစွဲထားသည့်ကိစ္စ ရှေ့နေရှာမရသဖြင့် ဥပဒေကြောင်းအရ ဖြေရှင်းရန် အခက်အခဲဖြစ်နေကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။

ဆန္ဒပြရာတွင်ပါဝင်သူများနှင့် ဒဏ်ရာရရှိသူများအား လိုအပ်သည့်အကူညီများ ပံ့ပိုးပေးမည်ဟု မတ်လ ၂၆ ရက်က ဒေါ်မို့မို့အောင်၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

ယင်းသို့ရေးသားသည့်နေ့ ည ၁၁ နာရီခန့်တွင် သူမအား စစ်တပ်နှင့်ရဲတပ်ဖွဲ့ လာရောက်ဖမ်းဆီးခဲ့ပြီး ထိုင်းဘတ်ငွေ သိန်းနှစ်ရာကျော်နှင့် မြန်မာကျပ်ငွေ သိန်းပေါင်း ၁၅၀၀ အား တရားမဝင်ငွေကြေးဟု စွပ်စွဲကာ သိမ်းဆည်းသွားကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

ဒေါ်မို့မို့အောင်အား မြိတ်မြို့မ ရဲစခန်းတွင်ဖမ်းဆီးထားပြီး ပုဒ်မ ၅၀၅ (က ) ဖြင့် တရားစွဲထားကြောင်း ၎င်းကပြောကြားသည်။

သို့သော် အမှုလိုက်ပါဆောင်ရွက်ပေးမည့် ရှေ့နေများနှင့်ဆက်သွယ်သော်လည်း လိုက်ပါဆောင်ရွက်ပေးမည့် ရှေ့နေမရှိသဖြင့် အခက်အခဲတွေ့နေကြောင်း ဆိုသည်။

“ရှေ့နေတွေကဘာပြန်ပြောလဲဆိုတော့ အခုချိန်မှာတော့ ဥပဒေအကြံဉာဏ်ပဲပေးလို့ရတယ်ပေါ့နော်။ ကိုယ်တိုင်အမှုလိုက်ပေးဖို့ကတော့ အဆင်ပြေဘူးလို့ပြောပါတယ်” ဟု ၎င်းက ပြောသည်။

ဒေါ်မို့မို့အောင်ရဲ့ အလှကုန်ပစ္စည်းလုပ်ငန်းသည် လုပ်ငန်းလိုင်စင်ဖြင့် တရားဝင်လုပ်ကိုင်နေခြင်းဖြစ်ပြီး သိမ်းဆည်းသွားသည့်ငွေကြေးများမှာလည်း ကုမ္ပဏီသို့ပေးသွင်းရမည့်ငွေကြေးများဖြစ်ကြောင်း ပြောဆိုသည်။

ယင်းကဲ့သို့တရားဝင်လုပ်ကိုင်နေကြောင်း သက်သေအထောက်အထားဖြင့် ဥပဒေကြောင်းအရ ဖြေရှင်းလိုသော်လည်း အမှုလိုက်ပါဆောင်ရွက်ပေးမည့်ရှေ့နေမရှိသဖြင့် အခက်အခဲဖြစ်နေကြောင်း ‌၎င်းကပြောကြားသည်။

တပ်ကောင်စီက ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရာဇသတ်ကြီးပုဒ်မ- ၅၀၅-က တွင် အချက်သုံးချက်ကို ပြဋ္ဌာန်းထားသည်။

(၁)နိုင်ငံသားတစ်စုကိုဖြစ်စေ၊ ပြည်သူလူထုကိုဖြစ်စေ ထိတ်လန့်စေလျှင် သို့မဟုတ် ထိတ်လန့်စေရန် ကြံရွယ်ခြင်း (၂)မမှန်ကန် ကြောင်းကြိုတင်သိရှိပါလျက် မမှန်သတင်းများဖြန့်ဝေမှုပြုလုပ်လျှင် သို့မဟုတ် ဖြန့်ဝေရန်ကြံရွယ်ခြင်း၊ (၃)အစိုးရဝန်ထမ်း တစ်ဦးဦးကိုဖြစ်စေ၊ အစိုးရဝန်ထမ်းတစ်ဖွဲ့ကိုဖြစ်စေ၊ အစိုးရဝန်ထမ်းအများကိုဖြစ်စေ ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြုလုပ်/ ကြံရွယ်/ လှုံ့ဆော်ခြင်းဟု ဖော်ပြထားသည်။

အထက်ပါအချက်များကို ဖောက်ဖျက်သည်ဟု သတ်မှတ်ပါက ငွေဒဏ်နှင့်တကွ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။