မြိတ်တွင် တစ်ဦးသေဆုံးမှု အတည်ပြုနိုင်၊ ယမန်နေ့ ကျဆုံးသွားသူတို့ကို သင်္ဂြိုဟ်

0
155

မြိတ်မြို့တွင် မတ်လ ၂၇ ရက်နေ့တွင် တစ်ဦး သေဆုံးမှု အတည်ပြုနိုင်ပြီဖြစ်သည်။

ထားဝယ်ကမ်းရပ်နေ အသက် ၃၅ နှစ် အရွယ်ရှိ ကိုမျိုးဇော်အောင် (ခ) အီဗလာဟင်သည် ယနေ့ မနက်ပိုင်းက အလုပ်သွားစဉ် ဘုရားကိုင်တောင်ခြေတွင် ကျည်ဆံ ထိမှန် သေဆုံးခဲ့ခြင်း ဖြစ်သည်။ ကိုမျိုးဇော်အောင်မှာ ဆိုင်ကယ်ဘေးတွဲမောင်းပြီး ကျပန်းလုပ်ကိုင်သူ ဖြစ်ပြီး သူ့ကို ယနေ့ညနေပိုင်းက မြုပ်နှံသင်္ဂြုဟ်ခဲ့ပြီး ဖြစ်သည်။

ထိုကြောင့် ယနေ့ ပစ်ခတ်မှုကြောင့် တနင်္သာရီတိုင်းတွင် သေဆုံးသူ လေးဦး (ထားဝယ် တစ်ဦး၊ မြိတ်တစ်ဦး နှင့် ကော့သောင်း နှစ်ဦး) အတည်ပြုနိုင်သည်။

ယင်းအပြင် မြိတ်တွင် မတ်လ ၂၆ ရက်နေ့က ကျဆုံးခဲ့သူအချို့အား ယနေ့ မြုပ်နှံသဂြိုလ်ခဲ့ပြီး ဖြစ်ကြောင်း မိသားစုဝင်များ ထံမှသိရသည်။

မတ်လ ၂၆ ရက်က မြိတ်မြို့သပိတ်ဖြိုခွင်းမှုကြောင့် အနည်းဆုံး ၄ ဉီးအထိ သေနတ်ထိမှန် သေဆုံးခဲ့ပြီး ယနေ့တွင် သုံးဉီးအား မြေမြုပ်သင်္ဂြိုဟ်ခဲ့ပြီး ဖြစ်ကြောင်း မိသားစုများ ထံမှသိရသည်။

ကျဆုံးသူများအနက် ၁၉ နှစ်အရွယ် အထက်တန်း ကျောင်းသား မောင်မင်းမြတ်ပိုင် အား ယနေ့ နေ့လယ် ၁ နာရီအချိန်တွင် မြိတ်မြို့ဘာသာစုံသချိုင်းတွင် ဂူသွင်းမြုပ်နှံခဲ့ပြီး အသက် ၃၂ နှစ်အရွယ်ရှိ ဒေါ်ခင်ခင်စိုးကို နံနက် ၈ နာရီခန့်ကလည်းကောင်း၊ သေဆုံးသူ နောက်တစ်ဉီးဖြစ်သည့် အသက် ၁၉ နှစ် အရွယ် မောင်အာကာဉီး အား ယနေ့ မွန်းလွဲပိုင်းကလည်းကောင်း အသီးသီး မြုပ်နှံခဲ့ကြောင်း ၎င်းတို့မိသားစုများ ထံမှသိရသည်။

“ကျွန်တော့် သားကို ကြည့်လို့တောင်မဝသေးဘူး။ အရမ်းလည်းငယ်သေးတယ်။ နွေဉီးတော်လှန်ရေးကို အပြီးတိုက်မယ်လို့ပြောပြီး နေ့တိုင်းထွက်တယ်။ အိမ်ကတားလည်းမရဘူး”ဟု မောင်မင်းမြတ်ပိုင်၏ ဖခင်ဖြစ်သူ ဉီးသိန်းတန် ကပြောသည်။

မတ်လ ၂၆ ရက်နေ့က သေဆုံးသူ နောက်တစ်ဉီးဖြစ်သည့် ဉီးမျိုးအောင် အသက် ၄၄ နှစ်နှင့် ပတ်သက်ပြီး ၎င်း၏မိသားစုများနှင့် ဆက်သွယ်၍ မရသေးပေ။

မြိတ်မြို့တွင် မတ်လ ၂၇ ရက်နေ့တွင်လည်း ဆန္ဒထုတ်ဖော်မှုများ ဟိုတစ်စုသည်တစ်စု ရပ်ကွက်အလိုက် ဖြစ်ပေါ်နေသည်။

လက်ရှိအချိန်တွင် မြိတ်မြို့ရှိ နေရာတော်များများတွင် လုံခြုံရေးတပ်ဖွဲ့များကနေရာယူထားခြင်း၊ မြို့လှည့်ကာ ဆန္ဒပြသူများအား လိုက်လံနှိမ်နှင်းနေခြင်းကြောင့် အိမ်များ၊ ဆိုင်များဈေးများ ပိတ်ထားကြပြီး လူသူအသွားအလာမရှိသလောက် နည်းပါးနေကြောင်း တွေ့ရသည်။