တပ်ကောင်စီတွင် ပါဝင်သည်ကို လက်မခံသည့် မွန်ပါတီဝင် ၂၀ ကျော် ထပ်မံနုတ်ထွက်

0
234

တပ်ကောင်စီတွင် မွန်ညီညွတ်ရေးပါတီပါဝင်သည့်အပေါ် လက်မခံသည့် ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ဗဟိုကော်မတီဝင်နှင့် မြို့နယ်အဆင့်ပါတီဝင် ၂၀ ဦးကျော်တို့က မတ်လ ၂၄ ရက်နေ့က ပါတီဗဟိုရုံးချုပ်ထံ စာတင်ပြီး နုတ်ထွက်လိုက်ကြောင်း သိရသည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် တပ်ကောင်စီတွင် ပါဝင်သွားရန် ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှင့် ဗဟိုကော်တီဝင်အများစုတို့၏ သဘောတူညီမှုဖြင့် ဆုံးဖြတ်ထားသည်။

ထိုသို့ မွန်ညီညွတ်ရေးပါတီ ပါဝင်ခြင်းသည် ပါတီအခြေခံစည်းမျဉ်းနှင့် သွေဖယ်နေသည့်အတွက် နုတ်ထွက်ရခြင်းဖြစ်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်ပါတီဝင်ဖြစ်သည့် မိကျဲကျဲညီက သူ၏ နုတ်ထွက်စာတွင် ရေသားထားသည်။

“ပါတီကနေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဆင့်ဆင့်မှာ ပါဝင်ထမ်းဆောင်တာဟာ ပါတီမူဝါဒလမ်းစဉ်အရ သွေဖယ်နေလို့ လက်ခံနိုင်ခြင်းမရှိတာကြောင့် ပါတီဝင်အဖြစ်ကနေ နုတ်ထွက်ခြင်းဖြစ်တယ်” ဟု မိကျဲကျဲညီက ပြောထားသည်။

လက်ရှိတွင် မွန်ညီညွတ်ရေးပါတီအနေနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်တစ်နေရာနှင့် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်တစ်နေရာ ပါဝင်ထားသည်။

တပ်ကောင်စီတွင် မွန်ညီညွတ်ရေးပါတီပါဝင်သည့်အပေါ် လက်မခံသည့် ပါတီဝင်များ နုတ်ထွက်ခဲ့ကြပြီး ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာအောင်နိုင်ဦးလည်း တစ်ဦးအပါအဝင်ဖြစ်သည်။

“ကျွန်တော်တို့ကတော့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာသွားတဲ့ စနစ်ကို လိုချင်တာကို ဆိုတော့ အဲဒီစနစ်မျိုးနဲ့ ကျွန်တော်တို့ ခိုင်မာအောင်သွားချင်တာ ဒီကြားမှာဖြစ်လာတဲ့ ပြဿနာရေးရာကိစ္စမျိုးကို ကျွန်တော်တို့က နိုင်ငံရေးပါတီနဲ့ကျတော့ ကိုယ်ခံယူထားတဲ့ ကိုယ့်ရဲ့လမ်းကြောင်းနဲ့ပဲ သွားတာအကောင်းဆုံး” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

မွန်ညီညွတ်ရေးပါတီ၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်သွားရန် ဆုံးဖြတ်ချက်သည် ပြည်သူထုအကြား ဝေဖန်ပြောဆိုခံနေရသလို ပါတီတွင်းမှာလည်း လက်ခံသူနှင့် လက်မခံသူတို့အကြား သဘောထားကွဲလွဲနေသည်။

ပါတီအနေနှင့် ထိပ်တိုက်ရင်ဆိုင်ရမည့် လမ်းကြောင်းထက် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ရောက်လိုသည့် ရည်ရွယ်ချက်နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်သည့် ကမ်းလှမ်းချက်ကို လက်ခံရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ပါတီတွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောဆိုထားသည်။