ထားဝယ် ဝဲကျွန်း အထက (၄) အနီး လူအချို့ အဖမ်းခံရ

0
208

ထားဝယ်မြို့၊ ဝဲကျွန်းထိန်သစ်ရပ်ကွက်ရှိ အထက (၄) အနီးတစ်ဝိုက် နေအိမ်များတွင် အိမ်ထောင်ဦးစီးဖြစ်သူများအား စစ်တပ်နှင့် ရဲတပ်ဖွဲ့က တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံဖမ်းဆီးခဲ့ကြောင်း ကိုယ်တွေ့ကြုံရသူ အချို့က ပြောသည်။

အဆိုပါရပ်ကွက်ရှိ အထက ၄ ကျောင်းအနီးတစ်ဝိုက်တွင် မတ်လ ၂၂ ရက်နေ့လယ်ပိုင်းက လာရောက်ဖမ်းဆီးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

စစ်ကားနှင့် ရဲကား ၁၀ စီးခန့်ပေါ်တွင် တပ်နှင့်ရဲတပ်ဖွဲ့ အင်အားအများအပြားဖြင့် လာရောက်ပြီးနောက် အိမ်ထောင်ဦးစီးကို မေးမြန်းခဲ့ကြောင်း ကိုယ်တွေ့ကြုံခဲ့ရသည့် အသက် ၅၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

အိမ်ထောင်ဦးစီးမှာ ၎င်းပင်ဖြစ်ကြောင်း ဖြေလိုက်ချိန်တွင် ဖမ်းဆီးရန် လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ရန် လုပ်နေချိန်တွင် အမျိုးသားဖြစ်သူက နေအိမ်အတွင်းမှ ပြေးထွက်လာကြောင်း ၎င်းက ရှင်းပြသည်။

“အစ်မကို ဖမ်းမှာစိုးလို့ ယောင်္ကျားက အိမ်ထဲကနေ ပြေးထွက်လာတယ်။ ယောက်ျား ကို မေးစရာလေးရှိလို့ ခဏလေး လိုက်မှရမယ်တဲ့” ဟု အဆိုပါ အမျိုးသမီးက ရှင်းပြသည်။

ပတ်ဝန်းကျင်ရှိ အခြားနေအိမ်များတွင်လည်း အိမ်ထောင်ဦးစီးအမျိုးသားမရှိပါက အမျိုးသမီးအား ဖမ်းခေါ်သွားကြောင်း ၎င်းက ဆိုသည်။

ယင်းနေရာအနီးတစ်ဝိုက်တွင် ဖြစ်ပျက်နေသည့်ကိစ္စအား သိပါသလားဟု မေးမြန်းခဲ့ပြီး မည်သည့်ကိစ္စဖြစ်သည်ကို မရှင်းပြ ကြောင်း ယင်းအမျိုးသမီးက ပြောသည်။

ယင်းနေရာအနီးတစ်ဝိုက်နေထိုင်သူ တစ်ဒါဇင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိတွင် မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။

ပြည်သူများအား ဖမ်းဆီးတင်ဆောင်သွားသည့် ယာဉ်များမှာ ဆင်ဆိပ်ရပ်ကွက်ဘက်သို့ မောင်းနှင်ထွက်သွားကြောင်း အဆိုပါ အမျိုးသမီးက ပြောသည်။

၎င်းတို့နေထိုင်သည့် လမ်းတွင် သေနတ်ပစ်ခတ်မှုမရှိသော်လည်း အောင်မင်္ဂလာလမ်းတွင်မူ လေးချက်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ပုံမှန်အားဖြင့် ဝဲကျွန်းရပ်ကွက် ယင်းနေရာသည် ထားဝယ်သပိတ်စစ်ကြောင်း စထွက်လေ့ရှိပြီး ပစ်ခတ်ဖြိုခွင်းမှုလည်း နေ့တိုင်းနီးပါး ဖြစ်ပွားခဲ့သည်။ မတ်လ ၁၈ ရက်နေ့က ဝဲကျွန်းရပ်ကွက်ရှိ နေအိမ်ခန်းတစ်ခုကို ဝင်စီးပြီး လူငယ် ၁၀ ဦး ဖမ်းဆီးခံရပြီးနောက်ပိုင်း ယင်းရပ်ကွက်တွင် ဆန္ဒပြပွဲစထွက်ခြင်း မရှိတော့ပေ။
ထားဝယ်မြို့ပေါ်တွင် ဆန္ဒပြပွဲများမှာ နေရာ အတည်တကျ မရှိဘဲ ပြောက်ကျားစနစ်ဖြင့် နေ့စဉ် ရက်ဆက် ဆန္ဒပြနေဆဲ ဖြစ်သည်။

ဖော်ပြပါပုံမှာ မတ်လအတွင်း ဝဲကျွန်းရပ်ကွက်တွင် တွေ့ရသော သပိတ်စစ်ကြောင်း ပုံဖြစ်သည်။