ဝဲကျွန်း Wave Money ဆိုင်ရှင် တစ်ဦး အဖမ်းခံရ

0
159

ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက် ကညနရုံးအနီးရှိ Wave Money ဆိုင်ပိုင်ရှင်တစ်ဦး ဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ-၅၀၅-က ဖြင့် အနည်းဆုံးအမှုတစ်မှု ဖွင့်ခံထားရကြောင်း ဥပဒေကြောင်းအရ ကူညီဆောင်ရွက်နေသည့် ရှေ့နေတစ်ဦးက ပြောသည်။

အဆိုပါ ဆိုင်ပိုင်ရှင်ဖြစ်သည့် ဦးမိုးဇော်သန်းအား မတ်လ ၁၇ ရက်နေ့က နေအိမ်တွင် လာရောက်ဖမ်းဆီးခဲ့သည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

ယင်းအမျိုးသားမှာ CDM အလှူငွေများကို Wave Money ဖြင့် ငွေလွှဲငွေထုတ် လုပ်ခဲ့သည်ဟု စွပ်စွဲခံထားရပြီး ၎င်းထံမှ စာရွက်စာတမ်းများ သိမ်းယူသွားကြောင်း အထက်ပါရှေ့နေက ပြောသည်။

ထိုနောက် မတ်လ ၁၉ ရက်နေ့တွင် ရဲစခန်းသို့ ပြန်လည်ပို့ဆောင်ခဲ့ပြီးနောက် ၎င်းထံ အကူအညီတောင်းခံခဲ့ကြောင်း ယင်းရှေ့နေက ဆိုသည်။

“ရိုက်နှက်တာလည်း မရှိဘူးတဲ့ ၊ မေးပြီးတော့ စခန်းကို လွှတ်လိုက်တယ်တဲ့” ဟု ၎င်းက ပြောသည်။

အဆိုပါအမျိုးသားအား ဧပြီလ ၁ ရက်နေ့တွင် ရမန်ထပ်ယူမည်ဟု သိရကြောင်း ယင်းရှေ့နေက ဆိုသည်။

တပ်ကောင်စီက ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရာဇသတ်ကြီးပုဒ်မ- ၅၀၅-က တွင် အချက်သုံးချက်ကိုဖြည့်စွက် ပြဋ္ဌာန်းထားသည်။

(၁)နိုင်ငံသားတစ်စုကိုဖြစ်စေ၊ ပြည်သူလူထုကိုဖြစ်စေ ထိတ်လန့်စေလျှင် သို့မဟုတ် ထိတ်လန့်စေရန် ကြံရွယ်ခြင်း (၂)မမှန်ကန် ကြောင်းကြိုတင်သိရှိပါလျက် မမှန်သတင်းများဖြန့်ဝေမှုပြုလုပ်လျှင် သို့မဟုတ် ဖြန့်ဝေရန်ကြံရွယ်ခြင်း၊ (၃)အစိုးရဝန်ထမ်း တစ်ဦးဦးကိုဖြစ်စေ၊ အစိုးရဝန်ထမ်းတစ်ဖွဲ့ကိုဖြစ်စေ၊ အစိုးရဝန်ထမ်းအများကိုဖြစ်စေ ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြုလုပ်/ ကြံရွယ်/ လှုံ့ဆော်ခြင်းဟု ဖော်ပြထားသည်။

အထက်ပါအချက်များကို ဖောက်ဖျက်သည်ဟု သတ်မှတ်ပါက ငွေဒဏ်နှင့်တကွ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။

တပ်အစိုးရသည် အာဏာသိမ်းပြီးနောက် အလုပ်မဆင်းဘဲ CDM လုပ်နေသော ဝန်ထမ်းများကို အလုပ်ပြန်ဆင်းရန် နည်းအမျိုးမျိုးဖြင့် လုပ်ဆောင်လျက်ရှိသည်။