NLD ပါတီ ရပ်ကျေး တာဝန်ရှိသူအချို့ အဖမ်းခံရ

0
209

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ရပ်ကျေးတာဝန်ရှိသူအချို့ကို လိုက်လံဖမ်းဆီးနေပြီး တစ်ဦး အဖမ်းခံလိုက်ရသည်။

ရေဖြူမြို့နယ် ကံပေါက်ကျေးရွာမှ ပါတီ တာဝန်ရှိသူတစ်ဦးဖြစ်သော ဦးငွေစိုးကို ယနေ့နံနက်ပိုင်းက ရွာ လက်ဖက်ရည်ဆိုင်တွင် ရှိနေစဉ် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“အခုသူ့ကို ထားဝယ်ကိုဖမ်းခေါ်သွားပြီ”ဟု ၎င်းက ဆိုသည်။

ဦးငွေစိုးမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးကျော်ဇေယျစိုး၏ ဖခင်ဖြစ်သည်။

ကံပေါက်ကျေးရွာတွင် နေ့စဉ်ရက်ဆက်နီးပါး အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွားလျက်ရှိသည်။

လောင်းလုံးမြို့က NLD ပါတီဝင်တစ်ဦးဖြစ်သူ ဦးဝင်းဇော်ကိုလည်း မတ်လ ၁၀ ရက် ည ၆ နာရီအချိန်ခန့်တွင် နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ဝင်ဖမ်းချိန်တွင် နေအိမ်တွင် မရှိသဖြင့် အဖမ်းမခံခဲ့ရကြောင်း သိရသည်။

ဖော်ပြပါပုံမှာ ကံပေါက်ရွာမှ ဦးငွေစိုး ဖြစ်သည်။