မွန် ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံထားရ

0
220
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် NLDလွှတ်တော်ကိုယ်စားလှယ်အချို့တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံထားရကြောင်း ပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တာဝန်ရှိသူတို့ထံမှ သိရသည်။

ဝန်ကြီးချုပ်အား အလုပ်မဆင်း ဆန့်ကျင်ရေး CDM တွင် ပါဝင်သည့် ဝန်ထမ်းများနှင့် ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာမှတဆင့် ဗီဒီယိုဖြင့် ပြောကြား ခဲ့ခြင်းကြောင့်နှင့် လွှတ်တော်ကိုယ်စား လှယ်တို့အား စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတို့တွင် ပါဝင်ခဲ့ခြင်းကြောင့် တရားစွဲဆိုခံရခြင်းဖြစ်သည်ဟု ပါတီ တာဝန်ရှိသူတို့ထံမှ သိရသည်။

“ကိုယ်စားလှယ်တွေက ဆန္ဒဖော် ထုတ်တဲ့ နေရာမှာ ပါဝင်လို့ အဲဒါကို ၅၀၅(က)နဲ့ တရားစွဲထားတယ်၊ ဖမ်းခံထားရတာရှိတယ်၊ တချို့ကလည်း ရှောင်နေရတယ် ဝန်ကြီးချုပ်ကျတော့ အဖမ်းခံ ထားရတယ်လေ။ သူ့ကိုလည်း တရားစွဲ ထားတယ်” ဟု NLD ပြည်နယ်တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဝန်ကြီးချုပ်နှင့် ဘီးလင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းတို့ကို ပုဒ်မ ၅၀၅(က)ဖြင့်လည်းကောင်း၊ သထုံ မြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို ၅၀၅(က)၊ ၅၀၅ (ခ) ဖြင့်လည်းကောင်း တရားစွဲခံထားရသည်။

၎င်းပြင် ဝန်ထမ်းများနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ် (ကိုယ်စား) စာထုတ်ပြန်ခဲ့သည့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင် ကိုလည်း ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံ ထားရသည်။

လက်ရှိတွင် တရားစွဲခံထားရသူများ အနက်မှ ဝန်ကြီးချုပ်နှင့် ဒေါ်မာမာခိုင် တို့ကို ဖမ်းဆီးခံထားရပြီး အချို့ပါတီ ဝင်များနှင့် ကျန်လွှတ်တော် ကိုယ်စားလှယ်များ တိမ်းရှောင်နေရသည်။