အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်ရန် မွန်လူထုအခြေပြုအဖွဲ့ အစည်း ကွန်ရက်တောင်းဆို

0
250
Dawei Watch, Dawei News, Dawei News Media

အာဏာသိမ်းမှုကို မကျေနပ်သည့် တိုင်းရင်းသားပြည်သူတို့၏ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့်အပေါ် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က အကြမ်းဖက်နေသည့် လုပ်ရပ်များ ရပ်တန့်ရန် မွန်လူထုအခြေ ပြုအဖွဲ့အစည်းကွန်ရက်က ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်သည်။

အကြမ်းဖက် နှိမ်နှင်းနေသည့် လုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်ရှုတ်ချ ကြောင်းလည်း မွန်လူထုအခြေပြုအဖွဲ့အစည်းကွန်ရက်၏ မတ်လ ၃ ရက်က ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် ပြောထားသည်။

“ဆန္ဒပြသူပြည်သူများအား လက်နက်အင်အားဖြင့် အကြမ်းဖက်တဲ့ လုပ်ရပ်သည် လက်ရှိ ပြည်တွင်း ဥပဒေများအား ချိုးဖောက်ရုံသာမက နိုင်ငံ တကာဥပဒေအရ အလွန်ပြင်းထန်ဆိုးဝါးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ် သည်ဟု သုံးသပ်တယ်” ဟု မွန်လူထုအခြေပြုအဖွဲ့အစည်းကွန်ရက် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး ပဋိက္ခအား အင်အားသုံးမဖြေရှင်းဘဲ တပ်ကောင်စီအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပြီး အဖြေရှာရန်လည်း မွန်လူထုအခြေပြုအဖွဲ့အစည်းကွန်ရက်က တိုက်တွန်းထားသည်။

၎င်းပြင် နိုင်ငံသားများ၏ လွတ်လပ် ခွင့်များဖြစ်သည့် လွတ်လပ်စွာ ဆန္ဒထုတ် ဖော်ခွင့်၊ လွတ်လပ်စွာ ရေးသားပြောဆို ပိုင်ခွင့်နှင့် ပြည်သူလူထု၏ လုံခြုံရေးအတွက် ပါတီစုံဒီမိုကရေစီစနစ်ကို ဦးတည်နေသည်ဆိုသည့် တပ်ကောင်စီအနေဖြင့် အာမခံပေးရန်လည်း တောင်းဆိုထားသည်။

ဒီမိုကရေစီအင်အားစုများအနေဖြင့်လည်း ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးလုပ်ငန်းဆီသို့ ဦးတည်ဆောင်ရွက်သင့်ပြီး ၂၀ဝ၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းကာ အသစ်ပြန်လည်ရေးဆွဲသည့် ဖွဲ့စည်းပုံဖြင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးကို ဦးတည်ဆောင်ရွက်သင့်ကြောင်း မွန်လူထုအခြေပြုအဖွဲ့အစည်းကွန်ရက်က တိုက်တွန်းထား သည်။

အာဏာသိမ်းမှုကို မကျေနပ်သည့် တစ်နိုင်ငံလုံးတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေမှုကို ဖေဖော်ဝါရီ ၂၈ ရက်မှစပြီး ကျည်ဆံအစစ်များ အသုံးပြုပြီး ပစ်ခတ် ဖြိုခွင်းမှုပြုလုပ်လာခဲ့ရာ ပြည်သူများစွာ ထိခိုက်ဒဏ်ရာရရှိသည့်အပြင် အသက် ဆုံးရှုံးမှုများလည်းရှိခဲ့သည်။ မော်လမြိုင်မြို့တွင် မတ်လ ၄ ရက်အထိ နှစ်ဦး ဆုံးပါးခဲ့ရသည်။